တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီဖိတ်ခေါ်နေပေမဲ့ စစ်ကောင်စီက အကောင်ထည်ဖော်နေတဲ့ NCA လမ်းကြောင်းက တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်နိုင်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး -၁ ဦးအောင်ဆန်းမြင့်က ပြောသည်။
“၈ ကြိမ်မြောက် NCA အခမ်းအနားလည်း ကြည့်လိုက်ပါ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တော်တော် များများကလည်း မတက်ရောက်ကြတော့ဘူး။ NCA ထိုးထားတဲ့ ၁၀ ဖွဲ့မှာတောင်မှ ပြောမယ်ဆိုရင် ၅ ဖွဲ့ လောက်ပါပဲ၊ ၂ ဖွဲ့လောက်ကလည်း ပါလာလိုက်၊ လုပ်လိုက် ပြန်နားလိုက် အဲ့လိုမျိုးရှိတယ်။ ဒါတွေကလည်း NCA ရဲ့ အကောင်အထည်ဖော်မှုအပေါ် သူတို့ထိုးထားတဲ့သူကိုယ်၌ကသိပါတယ်။ သွားတက်လို့ရှိရင်လည်း နိုင်ငံတကာကိုပဲ တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အကြမ်းဖက်စစ်ကောင်စီက နေပြီးမှ အကောင်အထည်ဖော်နေပါပြီ ဆိုပြီးတော့မှ နိုင်ငံတကာကို လှည့်ဖြားဖို့ပါပဲ။ နိုင်ငံတကာရဲ့ဖိအားတွေကို လျော့ကျအောင်လုပ်တဲ့သဘောပါပဲ။ ဒီအခမ်းအနားကနေ ဘာမှ နိုင်ငံရေးသဘောတူညီချက်လည်းရလာမှာ မဟုတ်ဘူးပေါ့နော” လို့ ဦးအောင်ဆန်းမြင့် ပြောပါသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေနဲ့ NCA အခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားမှုကို အီးမေးလ်ကတဆင့် လက်ခံရရှိခဲ့တယ်လို့ ၎င်းက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၈ ကြိမ်မြောက် NCA နှစ်ပတ်လည်နေ့ အခမ်းအနားမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းမှာ “ NCA မှာ လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူမှု၊ စီးပွား၊ ဘဝ တိုးတက်မြင့်မားစေရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့အတွက် တွေ့ဆုံညှိနှိုင်းရေး၊ ဆွေးနွေးပွဲများဆီကို အရောက်လှမ်းခဲ့ကြပါလို့ ဖိတ်ခေါ်ပြောကြားပါတယ်” လို့ ပြောထားသည်။
နိုင်ငံတကာကို လိမ်လည်လှည့်ဖြားပြီး ဖိအားပေးမှုတွေကနေ လျော့ကျသွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ကျင်းပတဲ့ အခမ်းအနားကို မတက်ရောက်နိုင်ဘူးလို့ KNPP က ပြောဆိုထားသည်။ ဒါ့အပြင် ဟန်ပြဆွေးနွေးပွဲတွေကိုလည်း လက်ခံယုံကြည်ခြင်း မရှိဘူးလို့ KNPP က တုန့်ပြန်ခဲ့သည်။
NCA သဘောတူညီစာချုပ် လက်မှတ်ရေးထိုးခဲ့တာ ၈ နှစ်ကြာ ရှိသွားပြီဖြစ်ပေမဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးကို အာမခံတဲ့ အကောင်အထည်ဖော်မှု မရှိသေးပါဘူး။
NCA မှာ ပါရှိတဲ့ ပစ်ခတ်တိုက်ခိုက်မှုကို စောင့်ကြည့်လေ့လာရေး၊ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ ကာကွယ် စောင့်ရှောက်ရေး၊ ဒေသဖွံ့ဖြိုးရေးတွေကို လိုက်နာအကောင်အထည်ဖော်မှုနဲ့ ကျင့်သုံးမှုတွေကို စောင့်ကြည့် ပေမယ့် စစ်ကောင်စီကနေ လိုက်နာမှုရှိဘဲ ဖောက်ဖျက်တာတွေပဲ ရှိနေတယ်လို့ ဦးအောင်ဆန်းမြင့်က ပြောသည်။
စစ်ကောင်စီသည် NCA လက်မှတ်ရေးထိုးထားတဲ့ ဒေသအပါအဝင်၊ မထိုးထားတဲ့ဒေသတွေမှာ လူထုကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်စစ်ဆင်ရေးတွေကို အကြီးအကျယ် ပြုလုပ်နေတာဟာ NCA ပါ အချက်အလက် တွေကို ဆန့်ကျင်နေတာ ဖြစ်တယ်လို့ ဆိုသည်။
ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေကို NCA ပါ ကတိကဝတ်တွေကို စောင့်ထိန်းကြဖို့၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုတွေကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကတော့ ပြောဆိုထားသည်။
စစ်ကောင်စီက NCA ကို အလေးထားဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုထားပေမဲ့ ၂၀၂၁ ခုနှစ်အာဏာသိမ်းခြင်း က NCA ကို ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး၊ NCA ပါ ကတိကဝတ် ပျက်ပြယ်သွားပြီလို့ NCA လက်မှတ်ရေးထိုး ထားတဲ့ ABSDF၊ CNF၊ KNU တို့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ NCA နဲ့ ပတ်သက်ပြီး ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ RCSS/SSA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားတပ်မတော် KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ပအိုဝ်းအမျိူးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့က လက်မှတ်ရေးထိုးထားပါသည်။
“၈” ကြိမ်မြောက် နှစ်ပတ်လည် NCA အခမ်းအနားကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ထဲက ၇ ဖွဲ့ တက်ရောက်ခဲ့ပြီး ABSDF ၊ KNU၊ CNF တို့ကတော့ တက်ရောက်ခြင်း မရှိပါဘူး။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP က NCA လက်မှတ် ရေးထိုးထားခြင်းမရှိပေမဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စု အဆင့်တွေမှာ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။