MNDAA နှင့် TNLA တကျော့ပြန် တင်းမာပြီးနောက် ကွတ်ခိုင်တွင် ကုန်စည်စီးဆင်းမှုများ ပိတ်ပင်ခံရ

By MPM 24 ဖေ‌ဖော်ဝါရီ, 2026 👁 2

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) တို့ကြား တကျော့ပြန်တင်းမာမှုများ ဖြစ်ပေါ်နောက် ကုန်စည်စီးဆင်းမှုများ ပိတ်ပင်ခံထားရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက် ကွတ်ခိုင်မြို့၊ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် MNDAA တပ်ဆင်ထားသည့် CCTV များကို TNLA တပ်ဘက်က လိုက်လံဖြုတ်သိမ်းရာမှ နှစ်ဖက်တပ်ဖွဲ့ကြား စကားအခြေအတင်ဖြစ်ကာ ထိုးကြိတ်ရန်ပွဲ ဖြစ်ပွားခဲ့ကြသည်။

ထိုသို့ အငြင်းပွားမှုဖြစ်ခဲ့ကြပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ယနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) အထိ ကွတ်ခိုင်မြို့သို့ ဆန်၊ ကျောက်မီးသွေး နှင့် စက်သုံးဆီများ သယ်ယူခွင့်ကို MNDAA ဘက်က ပိတ်ထားကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တာဝန်ရှိသူ ထံက သိရသည်။

“လားရှိုးဘက်ကနေ ကွတ်ခိုင်ဘက်ကို သွားတဲ့ ဆန်သယ်တဲ့ကားတွေကို ပြန်လှည့်ခိုင်းတယ်။ ကျောက်မီးသွေးနဲ့ ဓာတ်ဆီကျတော့ လားရှိုး-နမ့်တူဘက်ကို ပိတ်တာပါရှင့်” ဟု TWO တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယခင်က ကွတ်ခိုင်မြို့တွင် TNLA နှင့် MNDAA တပ်ဖွဲ့များရှိနေပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ နောက်ပိုင်းတွင် MNDAA က မြို့ပြင်တွင်သာ နေရာယူထားပြီး TNLA တပ်က မြို့တွင်းတွင် နေရာယူထားကြောင်း သတင်းရင်းမြစ်ထံက သိရသည်။ ထို့ကြောင့် မြို့ အဝင် ၊ အထွက်နေရာတွင် ရှိသည့် ကိုးကန့်တပ်က မြို့တွင်းသို့ ကုန်စည်တင်ပို့မှုကို တင်းကြပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ဟင်းသီးဟင်းရွက်တွေ ဈေးတက်တယ်။ လမ်းပိတ်ကြလို့တဲ့။ ဆန်ဈေး၊ ဆီဈေးလည်း တက်မယ် လမ်းမဖွင့်လို့။ ခုထိတော့ ပြတ်လပ်တာမရှိသေးပါဘူး။ အခြေအနေက အချင်းချင်း ဘယ်လိုတွေ ဘာဆက်ဖြစ်မှန်း မသိပါဘူး” ဟု ကွတ်ခိုင် ဒေသခံက ဆိုသည်။

ကွတ်ခိုင်မြို့တွင် ကုန်စည်ပိတ်ဆို့မှုများအပြင် မြို့ပြင်ရှိ ကိုးကန့်တပ်များက ပလောင်လူမျိုး မှတ်ပုံတင်ဖြစ်ပါက ကွတ်ခိုင်သို့ မပေးဝင်ခြင်းများလည်းရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

“အစကတော့ ကွတ်ခိုင်ကနေဖြတ်တဲ့ မူဆယ်-လားရှိုးလမ်းဆိုတာရှိတယ်။ လားရှိုးကနေတက်ရင် အဲ့ဒီလမ်း ဘယ်ဘက်ခြမ်းမှာ TNLA နေတယ်။ လမ်းညာဘက်ခြမ်းဆိုရင် ကိုးကန့်နေတယ်။ နောက်ဆုံး ပဋိပက္ခဖြစ်ပြီးတော့ TNLA တွေက ကိုးကန့်ကို မြို့ပြင်မောင်းထုတ်တော့ ကိုးကန့်တွေက မြို့ပြင်ရောက်သွားတယ်။ မြို့ထဲမှာတော့ TNLA တွေရှိတယ်ပေါ့” ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့သို့ ပိတ်ဆို့ ကန့်သတ်ချက်များသာမက အရပ်သားများကို ဖမ်းဆီးနှိပ်စက်မှုများလည်းရှိကြောင်း TWO အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက် နံနက်အစောပိုင်း ၂ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ်၊ ငေါ့ငါးကျေးရွာတွင် တပ်စွဲထားသည့် TNLA တပ်ဖွဲ့ကို ဖယ်ရှားပေးရန် MNDAA တပ်က လာရောက်ပြောဆိုစဉ် အငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ပြီး MNDAA တပ်ဖွဲ့က ကျေးရွာအတွင်းသို့ ဝင်လာကာ လမ်းတွင် သွားနေသည့် အရပ်သားနှစ်ဦးကို ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ငေါ့ငါးကတော့ ညလည်းဖြစ်တယ်။ မဆီမဆိုင် အရပ်သားတွေကို ဝင်ရိုက်လိုက်တာ။ အရပ်သားတွေကို ရိုက်တာတော့ လောလောဆယ် ငေါ့ငါး ဖြစ်စဉ်ပဲရှိတယ်။ အခြားနေရာတွေက စစ်သားအချင်းချင်းဖြစ်ကြတာ” ဟု TWO တာဝန်ရှိသူက ပြောသည်။

ရိုက်နှက်ခံရသည့် အမျိုးသားနှစ်ဦးအနက် တဦးသည် ဘယ်ခြေထောက်တွင် အရိုးထိခိုက်ပြီး ပြင်းထန်ဒဏ်ရာဖြင့် ကွတ်ခိုင်ဆေးရုံ၌ ဆေးကုသခံယူနေရကြောင်း သိရသည်။

ကွတ်ခိုင်မြို့ တွင် ကိုးကန့် နှင့် TNLA တို့ ပွတ်တိုက်မှု ဖြစ်ပွားပြီးနောက် သိန္နီမြို့ မိုင်းပါကျေးရွာတွင်လည်း တပ်ဖွဲ့ဝင်အချင်းချင်း ပဋိပက္ခဖြစ်ပွားခဲ့သည်များရှိကြောင်း TWO နှင့် သတင်းရင်းမြစ်ထံက သိရသည်။

“ဒီသုံးလေးရက်ထဲမှာပဲ ရေပူဂိတ်ကနေ နမ္မတူဘက်ကို ဆင်းတဲ့လမ်းမှာရှိတဲ့ သိန္နီ၊ မိုင်းပါးက TNLA အယောက် ၅၀ ကျော်ကို ကိုးကန့်က ဝင်ဖမ်းပြီး နမ္မတူအစပ် လားရှိုးနားကို လာပို့လိုက်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့ပြင်တွင် နေရာယူထားသည့် MNDAA တပ်က သိန္နီနှင့် တာမိုးညဲမှတဆင့် စစ်အင်အား ဖြည့်တင်းနေသကဲ့သို့ မြို့တွင်းတွင် နေရာယူထားသည့် TNLA ကလည်း မိုင်းယုလေး၊ နမ့်ခမ်း မှတဆင့် အင်အားဖြည့်တင်းနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

ယခုကဲ့သို့ မဟာမိတ်တပ်ဖွဲ့ဝင်အခြင်းခြင်း ဖြစ်ပွားနေသည့် ပြဿနာများနှင့်ပတ်သက်၍ ပြည်သူလူထုအပေါ် ပုံချကာ ရန်လိုခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ သွားလာခွင့် ပိတ်ပင်ခြင်း၊ ကုန်စည်သယ်ဆောင်ခွင့်ကန့်သတ်ခြင်း၊ လူထုအား အကြမ်းဖက်ခြင်းမလုပ်ဆောင်ရန် နှင့် မဟာမိတ်အချင်းချင်း အမြန်ဆုံး ပြေလည်မှုရရှိနိုင်ရေး ညှိနှိုင်းဖြေရှင်းရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန် တိုက်တွန်းထားသည်။လက်ရှိ ဖြစ်ပွားနေသည့် နှစ်ဖက်တပ်ဖွဲ့ ပဋိပက္ခများနှင့်ပတ်သက်၍ TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

TNLA နှင့် MNDAA တို့သည် ညီနောင်သုံးဖွဲ့ မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ၁၀၂၇ စစ်ဆင်ရေးကို အတူပူးပေါင်းဆင်နွှဲခဲ့ကာ အောင်မြင်မှုများစွာ ရရှိခဲ့ကြသည်။

မဇ္ဈိမ