၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၁,၆၀၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀,၇၄၁ ဦး ထိခိုက်သေဆုံးခဲ့သည်ဟု KNU က ပြောသည်။
KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက စစ်ကောင်စီဘက် က ထိခိုက်သေဆုံး ဒဏ်ရာရခဲ့များခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုထံ နိုဝင်ဘာလတတိပတ်တွင် ပြောကြားခဲ့ သည့် ရုပ်သံထဲတွင် ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
“၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အထူးသဖြင့် ကျနော်တို့နဲ့ တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားတဲ့ အကြိမ်နှုန်းကို ပြန်ကြည့်လိုက်တဲ့အခါမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီး ၂၀၂၃ စက်တင်ဘာလအထိ စာရင်းကို ပြန်ချုပ်လိုက်တဲ့အခါမှာ ကျနော်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်းဟာ ၁၁,၆၀၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါက စက်တင်ဘာလအထိပဲ ဖြစ်ပါတယ်။ အောက်တိုဘာလကို မထည့်ပေါင်းသေးပါဘူး။ ဒီလို တစ်သောင်းကျော်တဲ့ တိုက်ပွဲ အကြိမ်ပေါင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ကျနော်တို့ သုတ်သင်ပြီးသွားတဲ့ အရေအတွက်က ၁၀,၇၄၁ ဖြစ်ပါတယ်။ အဲဒါအပြင် ထိခိုက်ဒဏ်ရာရသူပေါင်းဟာ ၇,၇၇၉ ယောက် ဖြစ်ပါတယ်။ အဲ့ဒီ သေကြေ ဒဏ်ရာရသူပေါင်းကို ပြန်ပေါင်းလိုက်တဲ့အခါမှာ စစ်ကောင်စီဘက်က အရေအတွက် ဘယ်လောက်အထိ တိုးသွားသလဲဆိုတော့ ၁၈,၅၂၀ ဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ဆိုသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ တိုက်ပွဲများထဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်ပေါင်း ၇,၇၇၉ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပဒိုစောတောနီးက ပြောသည်။
နှစ်နှစ်ကျော်ကာလ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်မှာ လက်ရှိစစ်ကောင်စီ၏ တပ်ဖွဲ့စည်းပုံအရ တပ်ရင်းနှစ်ဆယ်ကျော် ရှိနိုင်သည်ဟု ပဒိုစောတောနီးက ဆက်ပြောသည်။
ပဒိုစောတောနီးက “ဒီအရေအတွက်ဟာ စစ်ကောင်စီအတွက် အင်မတန်မှပဲ သွေးပျက်စရာကောင်းလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ဒီကာလမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့စည်းပုံအရ တပ်မတစ်ခုကို တစ်ရင်း ၁၀ ရင်းနဲ့ ဖွဲ့စည်းထားတယ်။ အဲဒီတပ်မတစ်ခုမှာ တကယ်တမ်းကျတော့ သူ့ဖွဲ့စည်းပုံအရက တစ်သောင်းရှိရမယ် ဆိုပေမယ့်လို့ လက်တွေ့ မှာ သုံးထောင်ပဲ ရှိပါတယ်။ ဒါပေမယ့်လို့ စစ်မြေပြင်မှာ တကယ်စစ်ထွက်နိုင်တဲ့ တပ်မတစ်ခုရဲ့ အရေအတွက်ဟာ ၇၀၀ ပဲ ရှိပါတယ်။ ဒါကျနော်တို့ ကိုယ်တွေ့ပါ။ အဲဒီ ၇၀၀ ကို တပ်မတစ်ခုစာနဲ့ တွက်လိုက်တဲ့အခါမှာ ကျနော်တို့နယ်မြေမှာ ကျဆုံးသေကြေဒဏ်ရာရတဲ့ ၁၈,၅၂၀ဟာ တပ်မ အရေအတွက် ၂၆ ခုနဲ့ ညီမျှပါတယ်” ဟု ပြောသည်။
ထို့ကြောင့် စစ်ကောင်စီတပ်သည် နိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၌လည်း စစ်ကူမပို့နိုင် တော့သည့် အပြင် တစ်နိုင်ငံလုံးတွင် လိုအပ်နေသော တပ်အင်အားကိုလည်း ထပ်ပြီး မဖြည့်နိုင်တော့ကြောင်း KNU က ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိနေသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံး နေသည့်အပြင် ၎င်းတို့၏တပ်စခန်း အများအပြားကိုလည်း တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပါသည်။
NMG ပေးပို့သည်။