KNLA ဖမ်းထားသည့် PDF များ ပြန်လွတ်

By MPM 19 ဒီဇင်ဘာ, 2025 👁

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထားဝယ်ခရိုင် တပ်ရင်း (၂) မှ ရဲဘော်များအားလုံး မိခင်တပ်ရင်းသို့ လက်နက်နှင့်တကွ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ PDF အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုက ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) တွင် ၎င်းလူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

“မြေပြင်မှာခက်ခဲနေကြတဲ့ ကျနော်တို့တော်လှန်ရေးညီအကိုတွေကို အရမ်းဖိအားမပေးကြပါနဲ့ ကျနော်တို့ကသာ အသိဆုံးပါ အပြစ်ရှိတဲ့သူကိုလည်း စစ်စည်းကမ်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်” ဟု စောဒါးကိုက ရေးသားထားသည်။

ဖမ်းဆီးရခြင်း၏ မူလအကြောင်းအရင်း အခြေအနေအသေးစိတ်ကို KNLA နှင့် PDF နှစ်ဖက်တာဝန်ရှိသူများက အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အောက်ခြေတပ်ဖွဲ့ဝင်များ အချင်းများ ထိုးကြိတ်ရန်ဖြစ်ရာမှ ဖြစ်ကြောင်း သိရသည်။

မဇ္ဈိမ၏ စုံစမ်းချက်အရ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းမှ PDF တပ်ဖွဲ့ဝင်များနှင့် KNLA တပ်ရင်း (၁၂) လက်အောက်ခံ တပ်ခွဲ (၂) မှ ရဲဘော်တို့ အချင်းများရာမှ PDF ရဲဘော်မှ KNLA တပ်ရင်း (၁၂) တပ်ခွဲ (၂) ရဲဘော်ကို ရိုက်နှက်ခဲ့ပြီး မေ့မျှောသွားသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် နယ်စပ်မှပြန်လာသည့် PDF အဆင့်မြင်အရာရှိများအပါအဝင် အဖွဲ့ဝင် ၁၁ ဦးကို တပ်ရင်း (၁၂) ဖြတ်သန်းချိန် KNLA က ဦးစွာ ဖမ်းဆီးခဲ့ပြီးနောက် ဆက်စပ်သူများနှင့် အရပ်သားထောက်ပို့များကိုပါ ထပ်မံဖမ်းဆီးခဲ့ရာ စုစုပေါင်း ဖမ်းဆီးခံရသူ ၄၄ ဦးအထိရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် PDF အထူးတိုင်းစစ်ဌာန အမှတ် (၃၃) နည်းဗျူဟာ၏ ဗျူဟာမှူး ရဲဘော်စောဒါးကိုနှင့် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း တပ်ရင်းမှူး မင်းသားကြီးတို့လည်း ပါဝင်သည်။

ဖမ်းဆီးမှုနှင့်ပတ်သက်၍ နှစ်ဖက်တာဝန်ရှိများ ညှိနှိုင်းမှု လုပ်ဆောင်နေကြောင်း ရဲဘော်စောဒါးကိုက ယမန်နေ့ (ဒီဇင်ဘာ ၁၈ ရက်) တွင် အသိပေးခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) တွင် ရဲဘော်များ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ထပ်မံအသိပေးထားခြင်းဖြစ်သည်။

မဇ္ဈိမ