KNLA နှင့် KNDO တို့တိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့၊ ဘောကထစခန်းမှ စစ်ကောင်စီတပ်များ စခန်းစွန့်ခွာပြေး

By MPM 14 မေ, 2024 👁

KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘောကထ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ KNLA နှင့် ကရင် အမျိုးသားကာကွယ်ရေးတပ်/ KNDO တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စခန်းမှစွန့်ခွာသွားကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၊ ပဒဲကောရွာအတွင်း အနှစ် (၃၀) နီးပါးကြာ တပ်စွဲထားသော ဘောကထ စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့သည့် ဧပြီလပိုင်းမှစ၍ KNLA ပူးပေါင်းတပ်များက ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း လေကြောင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုများ တုံ့ပြန်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့သည်။

တပ်ဖွဲ့ဝင် ၃၁ ဦး ရှိသော အဆိုပါဘောကထစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့များသည် မေလ ၇ ရက်နေ့တွင် လက်နက်ခဲယမ်းများ သယ်ဆောင်၍ စခန်းမှစွန့်ခွာသွားပြီးနောက် KNLA ဘက်က မေလ ၈ ရက်နေ့တွင် ထိုစခန်းအတွင်း ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု KNU တပ်မဟာ (၃) ၏ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

“ပြီးခဲ့တဲ့နှစ်တုန်းကတော့ အဲဒီစခန်းမှာ ခမရ ၂၆၄ တပ်ရင်းက လာထိုင်သွားတာမျိုး ရှိတယ်။ အခုတခေါက်တော့ နောက်ထပ် တပ်ရင်းတခုပေါ့။ ဧပြီလ လပိုင်းကတည်းက လှုပ်ရှားတာ မေလ ၇ ရက်နေ့ ကြတော့မှ စစ်ကောင်စီ ဘက်က အကုန်ဆုတ်သွားတယ်။ ၈ ရက်နေ့ကြတော့ သူတို့စခန်းထဲကို ဝင်ပြီးတော့ စခန်းရှင်းလင်းရေး သွားလုပ် တာ လူနဲ့လက်နက်ကတော့ မရလိုက်ဘူး” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

KNLA တပ်ဖွဲ့များက အဆိုပါစခန်းကို စတင်တိုက်ခိုက်သည့်အချိန်မှစ၍ တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးပြီးသည့် လက်ရှိအချိန်ထိ လေကြောင်းနှင့်လက်နက်ကြီးသုံး၍ စစ်ကောင်စီဘက်က စစ်ကူ ပေးသဖြင့် ဒေသခံအချိုု့ ထိခိုက်ဒဏ်ရာရမှုရှိသလို ခေတ္တနေရပ်ပြန်သည့် ဒေသခံများလည်း ထပ်မံရှောင်တိမ်း နေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက “ရွာခံတွေကတော့ အကုန်ပြေးတာပဲ။ ဟိုးအရင် တိုက်ပွဲသွားဖော်ကတည်းက အဲဒီရွာတွေက တောထဲမှာပဲ နေကြတာ။ ရွာထဲပြန်ဝင်တယ်ဆိုတာ အခြေအနေအကဲခတ် ကြည့်တာပဲရှိတယ်။ ပြန်နေတာ မဟုတ်ဘူး။ စခန်းသိမ်းတဲ့ရက်က သူတို့လေယာဥ်နဲ့လာပစ်တာ ပြည်သူတွေ ဒဏ်ရာရတာရှိတယ်။ စခန်းသိမ်းတိုင်း ပြည်သူကိုပစ်တာပဲ” ဟု ပြောသည်။

လက်ရှိတွင်လည်း KNU တပ်မဟာ (၃) နယ်မြေရှိ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရက်များ၌ပါ ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးနှင့် ပစ်ခတ်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေသဖြင့် မကြာခဏ ဒေသခံများ ထိခိုက်သေဆုံးမှုများ ဆက်ဖြစ်ပေါ်နေပြီး စစ်ဘေးရှောင်သူ ဦးရေသည်လည်း ၂ သိန်းကျော် ရှိနေပြီ ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် နယ်မြေစိုးမိုးရေး အပြည့်အဝရရှိရန် လုပ်ဆောင်နေသော KNLA အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ တပ်မဟာ (၃) နယ်မြေအတွင်း စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲ လာသည်တွင် လက်ရှိအချိန်ထိ စစ်ကောင်စီစခန်း စုစုပေါင်း (၁၇) ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က စွန့်ခွာ ထားခဲ့သော စခန်းပေါင်း (၁၀) ခု ရှိလာပြီဟုလည်း KNU တပ်မဟာ (၃) တာဝန်ရှိသူက ပြောဆိုပါသည်။

KIC ပေးပို့သည်။