ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် သိမ်းပိုက်ထားသည့် မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်က တင့်ကားကြီးများနှင့် ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။
စစ်ကောင်စီတပ်က မိုးမောက် ခမရ ၄၃၇ တပ်ရင်း ပြန်လည်ရရှိရန် ဩဂုတ်လကစတင်ပြီး ဗန်းမော်မြို့ဘက်ကနေ တစ်ပတ် ၂ ကြိမ် တင့်ကားကြီးများနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ဗန်းမောက်မြို့နှင့် မိုးမောက်မြို့ကြားရှိ ၆ မိုင်နှင့် ၇ မိုင်ကြားတွင် နေ့တိုင်းလိုလို တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဆိုသည်။
KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက “တိုက်ပွဲက ပုံမှန်ဖြစ်နေတာ မနေ့ကဖြစ်တဲ့ တိုက်ပွဲက ၆ မိုင်အနီး စစ်တပ်ရဲ့ ထောက်ပို့လမ်း နောက်ကြောဘက်မှာ လမ်းပိတ်ဆို့ပြီး သွားရောက်တိုက်ခိုက်ခဲ့တယ်။ ပြောက်ကျားစနစ်နဲ့ သွားတိုက်တာ၊ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိတယ်။ သေနတ် ၄၊ ၅ လက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ပြောရရင် ၆ မိုင်၊ ၇ မိုင်နေရာမှာက နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာပေါ့” ဟု ပြောသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ဗန်းမော်မြို့နှင့် မိုးမောက်မြို့ကြား စစ်ကောင်စီတပ် နေရာယူထားသည့် ၆ မိုင်ရှိ ထောက်ပို့လမ်းနေရာကို KIA ပူးပေါင်းတပ်ဘက်က ပိတ်ဆို့ပြီး သွားရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန် နေသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA တပ်က သိမ်းပိုက်ခဲ့ပြီး ၄ ရက်ခန့် အကြာတွင် စစ်ကောင်စီတပ်ဘက်က မိုးမောက်ကို ပြန်လည်ရရှိရန် တင့်ကားကြီးများ အသုံးပြုပြီး ဗန်းမော်မြို့ ဘက်ကနေ ထိုးစစ်ဆင် တန်ပြန်တိုက်ခိုက်နေသည်မှာ ယခုဆိုရင် သုံးလဝန်းကျင် ကြာမြင့်လာပြီလည်း ဖြစ်သည်။
လက်ရှိ၌ ဗန်းမော်မြို့နှင့် မိုးမောက်မြို့ကြား ၆ မိုင်နှင့် ၇ မိုင် အောင်မြေကျေးရွာတကြောတွင် စစ်ကောင်စီတပ်က စစ်အင်အား ၄၀၀ ဝန်းကျင် စစ်အင်အားတိုးချဲ့ထားပြီး မိုးမောက်မြို့နယ်ဘက်ကို ထိုးတက်နိုင်ဖို့ရန်အတွက် တင့်ကားများ အပါအဝင် ဒရုန်းများ၊ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်နေသည်။
တဖက်တွင်လည်း KIA ပူးပေါင်းတပ်က စစ်အင်အားအလုံးအရင်းသုံး၍ တန်ပြန်ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းများကို လမ်းကြောင်းပိတ်ဆို့ပြီး ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
ဗန်းမော်မြို့ဘက်ကနေ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းက ၇ မိုင်အထိ ထိုးတက်လာ နိုင်တာကြောင့် နှစ်ဖက်တပ်အကြား နိုဝင်ဘာ ၁၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။
KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်နေတာက ကြာပြီ။ လေကြောင်းနဲ့ရော မြေပြင်နဲ့ပါ ထိုးဆင်နေတာ။ ပြီးရင် ဒရုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ သူတို့ရဲ့ အခြေအနေက သူတို့လက်လွတ်လိုက်ရတဲ့ ခမရ ၄၃၇ တပ်ရင်းတွေကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ဗန်းမော်မြို့နှင့် မိုးမောက်မြို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲသည် စစ်ကောင်စီတပ်ဘက်က တပ်ဆုတ်သွားခြင်း မရှိသရွေ့ အချိန်ကာလတခုကြာရှည်သည်အထိ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောဆိုသည်။
နိုဝင်ဘာ ၁၀ ရက်နေ့က ၆ မိုင်တဝိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတချို့ကိုလည်း KIA ဘက်က သိမ်းဆည်းနိုင်ခဲ့သည်ဟု KIA သတင်းရင်းမြစ်များက ပြောဆိုသည်။
KNG ပေးပို့သည်။