ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ-၉ ဌာနချုပ်နှင့် အနန့်ပါ (ANang Pa) ကို စစ်ကောင်စီရဲ့ ဂျက်လေယာဉ်နှင့် တိုက်ခိုက်ခံရမှုတွင် KIA ထိပ်တန်းအရာရှိတချို့ သေဆုံးခဲ့တယ်လို့ သိရသည်။
အောက်တိုဘာ ၁၆ ရက်၊ ညနေ ၄ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က မြစ်ကြီးနားလေတပ်ကစခန်းကနေ KIA တပ်မဟာ-၉ နေရာဘက်ကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ၅ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တဆက်တည်းမှာပဲ ကံဆီး (Ginsi) စစ်တပ်ကုန်းကနေ အနန့်ပါဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နှစ်နေရာစလုံးမှာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ KIA နဲ့ နီးစပ်သူ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
“တပ်မဟာ-၉ စခန်းနေရာနဲ့ အနန့်ပါ ၂ နေရာမှာ တပြိုင်ထဲဝင်တိုက်တာ တပ်မဟာ-၉ နေရာမှာက လေယာဉ် ၃ စီးနဲ့ ဗုံးသီး ၅ ကြိမ် ကြဲသွားတယ်။ ပြီးတော့ ကံဆီး စစ်တပ်ကုန်းကနေ အနန့်ပါဂေါက်ကွင်းနေရာကို ဆက်တိုက် ပစ်တာ။ ဖြစ်တဲ့နေရာချင်းက မတူကြဘူး။ အနန့်ပါဘက်ကိုတော့ ၅ မိနစ်၊ ၁၀ မိနစ်ခြားပြီး လက်နက်ကြီးတွေနဲ့ ပစ်တာ” လို့ ၎င်းက ပြောသည်။
KIA တပ်မဟာ-၉ ဌာနချုပ် တိုက်ခိုက်ခံရမှုတွင် အထက်တန်း အရာရှိတစ်ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရသည်။
ယင်းအပြင် အနန့်ပါ ပစ်ခတ်ခံရမှုတွင်လည်း အရာရှိ ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ်အရာရှိတစ်ယောက်မှာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ KIA သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။
“တပ်မဟာ ၉ မှာက ကျနော်တို့ စုံစမ်းသိရှိရသလောက်က သေဆုံးတာနဲ့ ထိခိုက်တဲ့သူတွေက ၅ ယောက် ရှိတယ်။ ကျန်တဲ့တပ်သားတွေ ဘယ်နှစ်ယောက် ထိခိုက်တယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးဘူး။ အနန့်ပါ မှာလည်း စျေးတန်းမှာ လက်နက်ကြီးကျတာရှိတဲ့အတွက် ဒေသခံတွေ သေဆုံးတာတွေ ရှိနိုင်တယ်” လို့ အဆိုပါ KIA သတင်းအရင်းမြစ်က ဆက်ပြောသည်။
စုံစမ်းသိရှိချက်အရ အနန့်ပါနဲ့ တပ်မဟာ-၉ စတဲ့ နှစ်နေရာတိုက်ခိုက်ခံရမှုမှာ KIA အထက်တန်းအရာရှိတွေအပါအဝင် တပ်သားအဆင့် သေဆုံးသူ စုစုပေါင်း ၁၀ ယောက်ခန့် ရှိခဲ့တယ်လို့ သိရပေမယ့် တာဝန်ရှိသူများကို အတည်ပြု မေးနိုင်ခြင်းမရှိခဲ့ပါဘူး။
အနန့်ပါ (ANang Pa) ဂေါက်ကွင်းအား လက်နက်ကြီး ကျမှန်ခဲ့သည့်အတွက် KIA အရာရှိတွေနဲ့တကွ အရပ်သားတွေပါ သေဆုံးမှုရှိခဲ့တာဖြစ်တယ်လို့ ၎င်း၏ ပြောဆိုမှုအရ သိရသည်။
အနန့်ပါ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး KIA နဲ့ နီးစပ်သည့် ဖားကန့်ဒေသခံတစ်ယောက်က “နာမည်တွေတော့ အသေးစိတ် မသိရဘူး။ ဒါပေမယ့် သေဆုံးတဲ့ထဲမှာက အရာရှိ ၂ ယောက်က ပါသွားတယ်။ တစ်ယောက်ကတော့ ခြေတစ်ဖက် ပြတ်သွားတယ်လို့ ပြောပါတယ်။ ဂေါက်ကွင်းမှာ ဖြစ်သွားတာ။ ကျန်တဲ့တပ်သားတွေ သေဆုံးတာက မကြားမိပါဘူး။ လောလောဆယ်က အဲဒါပဲသိရသေးတာ” လို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က “၆၂” ပြည့် KIO အထိမ်းအမှတ် ကြိုဆိုပွဲလုပ်ဖို့ စီစဉ်နေစဉ် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၆၀ ကျော်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
လာမည့်အောက်တိုဘာလ ၂၃ ရက်နေ့၌ အနန့်ပါ ဗုံးကြဲတိုက်ခိုက်ခံမှုတွင် သေဆုံးသွားသူတွေရဲ့ သင်္ချိုင်းကို ဆုတောင်းပွဲနှင့် အတူ မြေနေရာရှင်းလင်းဖို့ တာဝန်ရှိသူတချို့က စီစဉ်နေချိန် တစ်နှစ်ပြည့်ခါနီးတွင် အခုလို ပြန်လည် တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။
“အခု ကြားရသလောက်က အခုလိုပြန်ဖြစ်သွားတာက မနှစ်တုန်းက သေဆုံးသွားတဲ့သူတွေရဲ့ သဂြိုလ်ထားတဲ့ နေရာမှာ နယ်မြေရှင်းလင်းတာတွေ၊ ဆုတောင်းပေးဖို့ လုပ်နေတယ်လို့ ကြားရတာဖြစ်တယ်။ အဲ့တာကြောင့် ရက်လည်ရှိတယ်လို့ စစ်တပ်ကကြားလို့ အခုလိုလာပစ်တာလို့လည်း ကြားရပါတယ်” လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံ အမျိုးသားက ပြောပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်း နေပေမယ့် ဆက်သွယ်လို့ မရရှိသေးပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက် ညည့်နက်ပိုင်းမှာလည်း စစ်ကောင်စီက လိုင်ဇာ မုန်လိုင်ခက်ရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် မုန်လိုင်ခက် စစ်ရှောင်ပြည်သူ ၂၉ ယောက် သေဆုံးခဲ့ပြီး ၅၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
KNG ပေးပို့သည်။