KIA က ဗန်းမော်လေယာဉ်ကွင်းကို ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်

By MPM 26 ဇန်နဝါရီ, 2025 👁 3

ကချင်ပြည်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ရှိန်မြင့်တိုက်ခိုက်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ စစ်မျက်နှာဘက်တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “လေယာဉ်ကွင်းအားလုံးက ရှင်းလင်းသိမ်းပိုက်လိုက်ပြီ ဘာမှမရှိတော့ဘူး။ အခုက လေယာဉ်ကွင်းကိုကျော်ပြီး စကခ (၂၁) ဘက်ကို မျက်နှာမူပြီး တိုက်ပွဲဖြစ်နေသေးတယ်။ သိမ်းပိုက်ဖို့ တပ်ရင်းတွေက အများကြီးကျန်နေသေးတယ်” ဟု ပြောသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များက ဖော်ဆောင်ခဲ့သည့် တိုက်ပွဲ ၄ ရက်အတွင်း သံချပ်ကာတပ်၊ အမြောက်တပ် (၃၆၆) နှင့် လေယာဉ်ကွင်း ၃ နေရာကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။

သံချပ်ကာတပ်ရင်းနှင့် အမြောက်တပ် တပ်ရင်းနှစ်ခုကို ဇန်နဝါရီ ၂၅ ရက်နေ့က အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် လေယာဉ်ကွင်းကို ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိ ဗန်းမော်တိုက်ပွဲ အခြေအနေအပေါ် KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလို ပြောဆိုသည်။

“သံချပ်ကာတပ်ရင်းက ၂၅ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်။ အခုဆက်ပြီး စကခ ၂၁ ဘက်မှာ ပစ်ခတ်တာတွေရှိတယ်။ လေယာဉ်ကွင်းကိုလည်း ကျနော်တို့ဘက်ကနေ သိမ်းထားပြီလို့ ပြောတယ်။ စစ်ကောင်စီဘက်ကနေလည်း လေယာဉ်နဲ့ ဗုံးကြဲ၊ ဒရုန်းပစ်နေတော့ တိုက်ပွဲက ဆက်ပြင်းထန်နေပါတယ်။ တိုက်ပွဲအခြေအနေက ဒီလောက်အထိပဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဗန်းမော်မြို့ထဲ၌ တပ်ချနေထိုင်ထားသည့် စစ်ကောင်စီ ခလရ ၂၃၆၊ ၂၃၇၊ ခလရ ၄၇၊ စကခ ၂၁ တပ်ရင်းနှင့် ထောက်ပို့တပ်၊ နည်းပညာတပ်ရင်း၊ အင်ဂျင်နီယာတပ်ရင်း၊ လေ့ကျင့်ရေးတပ်ရင်း၊ မွေးမြူရေး တပ်ရင်း စသည့် တပ်ရင်းအများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲက အချိန်ကာလတစ်ခု ကြာရှည်နိုင်သေးသည်ဟု ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး အခုလို သုံးသပ်ပြောဆိုသည်။

“ပြောဖို့တော့ ခက်နေသေးတယ်လို့ မြင်တယ်။ တကယ်လို့ စကခ (၂၁) ကို သိမ်းလိုက်ရင်တော့ တခြားကျန်ရှိနေတဲ့ တပ်ရင်းတွေက သိမ်းပိုက်ဖို့ လွယ်ကူသွားမယ်လို့ထင်တယ်။ အခုက စကခ (၂၁) အနားမှာက တပ်စခန်း ၅ ခုလောက် ရှိနေသေးတယ်။ အဲဒါတွေ ပြီးသွားမှ ခလရ ၄၇ ဘက်တွေ ရောက်လာလိမ့်မယ်။ ပြီးမှ တက္ကသိုလ်ဝင်းလည်း ကျန်နေသေးတယ်။ အကုန်သိမ်းနိုင်ဖို့က နည်းနည်းတော့ကြာအုံးမယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတပ်ရင်းနေရာများကို လက်မလွတ်ရရေးအတွက် စစ်ကောင်စီတပ်က နေ့စဉ်ဆက်မပြတ် လေကြောင်းနှင့် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်တိုက်ခိုက်နေတာကြောင့် ဗန်းမော်မြို့ထဲက လူနေအိမ်များလည်း ထိခိုက်ပျက်စီးမှု ပိုမိုများပြားလာသည်ဟု သိရသည်။

KIA က ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပထမအကြိမ် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၅ ဇန်နဝါရီလဆန်း ၄ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။

ဇန်နဝါရီ ၄ ရက်နေ့က ထပ်မံတိုက်ခိုက်သည့် စစ်ဆင်ရေးတွင် ဗန်းမော်နှင့် တဆက်တည်းရှိသည့် မံစီမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်နေ့မှာ မံစီမြို့နယ်တစ်ခုလုံး စစ်ကောင်စီတပ်ကင်းစင်နယ်မြေ ဖြစ်လာခဲ့သည်။

KNG ပေးပို့သည်။