IPCM က သတင်းသမားများ သဘာဝဘေးအန္တရာယ်ကျရောက်ရာနေရာများကို လွတ်လပ်စွာ သတင်းရယူခွင့်ရှိရေး တောင်းဆို

By MPM 15 စက်တင်ဘာ, 2024 👁

မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်များရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့ သတင်းသမားများ လွတ်လပ်စွာ ဝင်ရောက်သတင်းယူနိုင်ခွင့်ရရေးကို စစ်ကောင်စီအနေဖြင့် ခွင့်ပြုပေးရန်လိုကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ – IPCM က စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုခဲ့သည်။

ရေဘေးကြောင့် နောက်ဆက်တွဲအန္တရာယ်များ ကျရောက်နေချိန်နှင့် ကျရောက်ပြီး ကာလများတွင် သတင်းမီဒီယာ သမားများအနေဖြင့် အမှန်တကယ် မြေပြင်၌ဖြစ်ပွားနေသည့် သတင်းအချက်အလက်များကို လွတ်လပ်စွာရယူ ပေးပို့နိုင်ခွင့်ရခြင်းသည် ကူညီကယ်ဆယ်ရေးအတွက် ပိုမိုကောင်းမွန်နိုင်သလို လူထုအသက်အိုးအိမ် ပျက်စီးမှု ကလည်း လျော့နည်းစေမည်ဟု IPCM က ဆိုသည်။

အများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကျရောက်သည့် နေရာများသို့ သတင်းသမားများ လွတ်လပ်စွာသွားရောက် သတင်းယူနိုင်ခွင့်ရရေး စစ်ကောင်စီအနေဖြင့်ခွင့်ပြုရန် IPCM က ထိုသို့တောင်းဆိုခြင်းဖြစ်သည်။

IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က “အခုက တကယ့်မြေပြင်မှာ ဘာဖြစ်နေလဲမသိရဘူး၊ အဲဒီထဲမှာ ကရင်၊ ကရင်နီလိုမျိုး Sensitive ဖြစ်တဲ့ နယ်မြေတွေ အများကြီးပါတယ်။ ပြီးတော့ စစ်ရေးကြောင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်ထားတာရှိတယ်။ မြေပြင်အခြေအနေမှန်ကိုသိရင်တော့ လူ့အသက်ကို အများကြီးကယ်နိုင်တာပေါ့” ဟု ပြောသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ် ကျရောက်နေသည့်နေရာများတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားမှုကြောင့် အသက်ဘေးတွေ့ကြုံနေရသူများက အကူအညီမတောင်းခံနိုင်တော့ဘဲ အသက်ဆုံးရှုံးနစ်နာမှုများ ဖြစ်နေချိတ်တွင် ဆက်သွယ်ရေးဖြတ်တောက်ခြင်း မပြုလုပ်ရန်လည်း IPCM က စစ်ကောင်စီကို တောင်းဆိုသည်။

“အထက်မှာပြောသွားတဲ့ Sensitive ဖြစ်တဲ့ နေရာတွေမှာသာ သတင်းသမားတွေ ရှိမယ်၊ နည်းမှန်လမ်းမှန် ဆက်သွယ်ရေးလမ်းကြောင်း စီးဆင်းမှုရှိမယ်ဆိုရင် အသက်တွေ အများကြီးကယ်နိုင်မယ်။ ဒါကြောင့် ဒီဟာတွေကို ပြန်ဖွင့်ပေးဖို့ လိုအပ်တဲ့ကယ်ဆယ်ရေးရော သတင်းသမားတွေအတွက် Access တွေရောပေးပါလို့ ပြောရတာဖြစ်တယ်” ဟု ဦးတိုးဇော်လတ်က ဆက်ပြောသည်။

ထို့အတူ စစ်ကောင်စီအနေဖြင့် သတင်းမီဒီယာလိုင်စင်များ ရုတ်သိမ်းခြင်း၊ သတင်းသမားများ၏ နေအိမ်များကို ဝင်ရောက်စီးနင်း ဖမ်းဆီးအရေးယူခြင်းတို့ လုပ်ဆောင်လာတာကြောင့် သတင်းမီဒီယာများ ပြည်တွင်းမှ စွန့်ခွာခဲ့ရသလို ယခုလိုကာလမျိုးတွင် သတင်းမီဒီယာအလုပ်ကို မလုပ်ဆောင်နိုင်တော့သဖြင့် ယင်းလုပ်ရပ်များကို ရပ်တန့်၍ သတင်းသမားများအား အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း IPCM က ဖော်ပြရေးသားထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ မွန်၊ ကရင်၊ ကရင်နီ (ကယား) နှင့် ရှမ်းပြည်နယ်မှ ပြည်သူများ ရေဘေးဒုက္ခနှင့် ရင်ဆိုင်တွေ့ကြုံနေရသော်လည်း သက်ဆိုင်ရာဒေသအလိုက် ရေဘေးမဖြစ်ပွားခင် ကြိုတင်အသိပေးချက်၊ လုပ်ဆောင်မှု အားနည်းချက်တို့ကြောင့် ပြည်သူလူထုအသက်အိုးအိမ်ဆုံးရှုံးမှု ပိုမိုဖြစ်ပွား ရကြောင်း IPCM က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

လက်ရှိ မြေပြင်တွင်လည်း စစ်ကောင်စီဘက်က အသိပေးနှိုးဆော်မှု အားနည်းရုံသာမက ရေဘေးသင့်ပြည်သူများအတွက် ယနေ့အချိန်ထိ သိသာထိရောက်သော ကူညီကယ်ဆယ်မှုများ မလုပ်ဆောင်နိုင်သလို တချို့ဒေသတွင် စစ်ဆေးတားမြစ်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတချို့ အခက်တွေ့နေရသည်ဟု လူမှုကူညီနေသူဒေသခံများနှင့် အရပ်ဖက်အဖွဲ့တချို့ထံမှ သိရသည်။

KIC ပေးပို့သည်။