ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တရားဥပဒေစိုးမိုးရေးအစီအမံကို စက်တင်ဘာလကုန်၌ စတင်အကောင်ထည်ဖော်လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် အရေးပေါ်အစီမံများကိုလည်း လုပ်ဆောင်နေသည်ဟု IEC က ပြောဆိုသည်။
တရားဥပဒေစိုးမိုးရေးအစီမံဖြစ်သည့် မူးယစ်ဆေးဝါး၊ တော်လှန်ရေးနှင့် လူမှုကျင့်ဝတ်နှင့် မညီသောလုပ်ငန်းများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု ရောင်းဝယ်ဖောက်ကားမှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အထူးတားမြစ်စီမံဆောင်ရွက်သွားမည်ဟု IEC က ပြောဆိုထားခြင်း ဖြစ်သည်။
IEC အတွင်းရေးမှူး – ၂ ဦးဗညားက “အရေးပေါ်စီမံချက်တွေကိုတော့ ဒီကြားထဲမှာ လုပ်ဆောင်နေတာရှိတယ်ပေါ့နော။ အရေးပေါ်စီမံချက်ဆိုတာကတော့ လျှပ်တပြက် စစ်ဆေးမှုတွေ လုပ်နေတာရှိပါတယ်” ဟု ပြောသည်။
တရားဥပဒေစိုးမိုးရေးအစီမံတရပ်ကို IEC က ထုတ်ပြန်ခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကစ၍ စက်တင်ဘာလ ၂၄ ရက်အထိ လူထုပညာပေးရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အကောင်ထည်ဖော်ကာလအတွင်း ပညာပေးလုပ်ငန်းကို အားစိုက်လုပ်ဆောင်နေရဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
တရားဥပဒေစိုးမိုးရေးစီမံချက်တွင် KTV လုပ်ငန်းများကိုလည်း သက်ဆိုင်ရာက ဝင်ရောက်သတိပေးမှု အကြိမ်ကြိမ်ရှိလာပြီး လိုက်နာခြင်းမရှိသော လုပ်ငန်းရှင်များသည် အဖမ်းခံရနိုင်ချေ ရှိလာနေပြီဟု KTV လုပ်ငန်းရှင်ဟောင်းတစ်ဦးက ပြောသည်။
KTV လုပ်ငန်းရှင်ဟောင်းတစ်ဦးက “ပြီးခဲ့တဲ့ခေါက်တော့ ဖမ်းတော့မဖမ်းဘူး၊ သတိတော့သွားပေးတယ်။ ဒါမဲ့ ဒီခေါက်ဖွင့်မယ်ဆိုတော့ ဖမ်းဖို့လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာတော့ ရှိမယ်ထင်တယ်။ သတိပေးပြီးပြီဆိုတော့ တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့” ဟု ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီးမော့ဆိုအနောက်ခြမ်း၌ လုပ်ငန်းရှင်များက ဖွင့်ထားသည့် KTV လုပ်ငန်း ၉ ခုထိရှိလာသည်ဟု ၎င်းက ပြောသည်။
သာမာန်စိတ်အပန်းဖြေရာ ဖျော်ဖြေရေးနေရာထက်ပိုသော မူးယစ်ဆေးဝါးကိစ္စ၊ တရားမဝင် လက်နက်ရောင်းဝယ်မှုအပြင် လိင်ဖျော်ဖြေမှုတို့ပါ ရှိလာနေတာကြောင့် သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူတို့က ပူးပေါင်းပြီး သတိပေးမှုများကို လုပ်ဆောင်နေသည်ဟုလည်း IEC က ပြောသည်။
စုံစမ်းစစ်ဆေးမှုများ၊ သတိပေးဆောင်ရွက်မှုများ၊ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတို့ကို IEC က သက်ဆိုင်ရာ နယ်မြေတာဝန်ရှိသူများနှင့်အတူ special force အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောပါသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။