ICRC နှင့် တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်သော်လည်း မလုံလောက်သေးဟု UK အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီးပြော

By MPM 4 ဩဂုတ်, 2026 👁 90

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်သော်လည်း မလုံလောက်သေးဟု ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးက ပြောသည်။

ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး၏ ပြောကြားချက်ကို ယနေ့ (ဩဂုတ်လ ၄ ရက်) မနက်ပိုင်းတွင် လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

‘‘တွေ့ဆုံမှုဟာ သူမရဲ့ မိသားစုဝင်များနဲ့ ထောက်ခံအားပေးသူများအတွက် ကာလရှည်ကြာ မသေချာမှုများ၊ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေခဲ့ပြီးနောက်၊ အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်တဲ့ သက်သေအထောက်အထားကို ယူဆောင်လာခဲ့ပါတယ်။ သို့သော် ဒီအချက်တခုတည်းနဲ့ မလုံလောက်ပါဘူး” ဟု ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Baroness Winterton က ပြောသည်။

ထို့ပြင် ယခုတွေ့ဆုံခွင့်ပေးခြင်းမှာ အကျဉ်းထောင်လက်စွဲ ဥပဒေလုပ်ထုံးလုပ်နည်းအရသာ ခွင့်ပြုခြင်းဖြစ်သည်ကို သတိမမေ့ကြရန်နှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အကျဥ်းထောင်မှ လွှတ်မြောက်လာခဲ့ရသည့် ဖြစ်စဥ် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း လုံလောက်သော ဆေးဝါးကုသမှုမရ၍ ကျဆုံးခဲ့ရမှုများ၊ မတရားကြိုးပေးခံရသည့် အာဇာနည်များရှိခဲ့သည်ကို ပြည်သူများ မမေ့ကြရန်လည်း ကိုစည်သူမောင်က အထူးသတိပေးထားသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့ကြောင်း စစ်တပ်က ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံ စကားပြောဆိုခဲ့မှုနှင့် ပတ်သက်သည့် လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို စစ်အုပ်စု အကျဉ်းထောင်တာဝန်ရှိသူများနှင့်သာ အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားရှိပြီး မျှဝေသွားမည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယင်းတွေ့ဆုံမှုမှ သတင်းအချက်အလက်များကို အများပြည်သူသို့ ICRC အနေဖြင့် ထုတ်ပြန်မည်မဟုတ်သော်လည်း မိသားစုများနှင့် မိသားစုသတင်းစကားများ ပေးပို့ဖလှယ်နိုင်မည့် အခွင့်အလမ်းပါဝင်ကြောင်းလည်း ICRC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဇ္ဈိမ