ICJ စီရင်ချက်နှင့်ပတ်သက်၍ AA အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု SCEF ပြော

By MPM 24 နိုဝင်ဘာ, 2026 👁 48

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်နှင့်ပတ်သက်၍ အဖြေရှာရေးလုပ်ငန်းစဉ်များတွင် ရခိုင်ပြည်နယ်၏ လက်ရှိ အဓိကအာဏာပိုင်အဖြစ် ရပ်တည်နေသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) အပါအဝင် သက်ဆိုင်သူအားလုံး၊ နိုင်ငံတကာအသိုက်အဝန်းတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က နိုဝင်ဘာလ ၂၂ ရက်တွင် သဘောထားထုတ်ပြန်သည်။

ICJ ၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာတရားစီရင်ရေးတွင် သမိုင်းဝင်မှတ်တိုင်တရပ်ဖြစ်ပြီး တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ရေးကို မြှင့်တင်နိုင်ရန် တရားရုံး၏ တွေ့ရှိချက်များနှင့် နောက်ဆက်တွဲ ထုတ်ပြန်လာနိုင်သည့် အမိန့်များကို ဆက်လက်လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်း SCEF က ဆိုသည်။

ယင်းအပြင် စီရင်ချက်ပါ စုံစမ်းစစ်ဆေးမှုနှင့် ပြစ်ဒဏ်ချမှတ်ရေး လုပ်ငန်းစဉ်များကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု သံသယရှိသူများကိုယ်တိုင် တာဝန်ယူဆောင်ရွက်ခြင်း သို့မဟုတ် အာဏာပိုင်ဆိုင်ခြင်း မပြုသင့်ကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

မည်သည့်ပုံစံဖြင့်မဆို စစ်အုပ်ချုပ်ရေး ဆက်လက်တည်ရှိနေခြင်းသည် အလားတူ ရာဇဝတ်မှုများ ထပ်မံမဖြစ်ပွားစေရန် အာမခံချက် ပေးနိုင်စွမ်းမရှိကြောင်း လက်တွေ့အခြေအနေများက သက်သေပြနေသဖြင့် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဖွဲ့စည်းပုံများကို အသွင်ပြောင်းလဲခြင်း၊ စစ်တပ်အပေါ် အရပ်သားအုပ်ချုပ်မှုနှင့် ကြီးကြပ်ကွပ်ကဲမှု ထူထောင်ခြင်းတို့ လိုအပ်ကြောင်း SCEF က ပြောသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း စစ်အုပ်စု ခေါင်းဆောင်ပိုင်းအပါအဝင် အဓိကတာဝန်ရှိသူများကို အကာအကွယ်ပေးခြင်း သို့မဟုတ် ၎င်းတို့၏ လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးခြင်းများမပြုဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် သံသရာကို အဆုံးသတ်ကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ထိရောက်စွာဆောင်ရွက်ရန် တောင်းဆိုထားသည်။

တချိန်တည်းမှာပင် SCEF အဖွဲ့ဝင် အဖွဲ့အစည်းများ နယ်မြေစိုးမိုးထိန်းချုပ်ထားသည့်ဒေသများ၌ အရပ်သားများကို အကာအကွယ်ပေးရေး၊ လူသားချင်းစာနာမှု အကူအညီများ ရရှိရေး၊ အမုန်းစကားများ တားဆီးရေးတို့အပြင် ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များအတွက် သက်သေအထောက်အထား ထိန်းသိမ်းစုဆောင်းခြင်းနှင့် ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရေးတို့ကို ဆောင်ရွက်သွားရန် ကတိပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဇ္ဈိမ