ICJ လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်အပြီး မြန်မာနှင့် ကော့စ်ဘဇားတွင် ဆက်လက်ရှိနေမည်ဟု Save the Children ပြော

By MPM 27 နိုဝင်ဘာ, 2026 👁 52

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စီရင်ချက်ချမှတ်ပြီး ရက်အနည်းငယ်အကြာတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား တို့ရှိ ကလေးငယ်များထံ အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဟု Save the Children International က ပြောကြားလိုက်သည်။

ရိုဟင်ဂျာ ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများ ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြရန် အဆိုပါအဖွဲ့က တောင်းဆိုခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်ဆင်ရေးများ ပြုလုပ်စဉ် မြန်မာစစ်အုပ်စုတပ်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် သည်ဟိဂ်အခြေစိုက် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ဂမ်ဘီယာနိုင်ငံက ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကွန်ဗင်းရှင်းအရ ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာ ၁၀,၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရကြောင်း တရားရုံးက ခန့်မှန်းခဲ့သည်။

နိုင်ငံတခုအား လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပြီး အဆိုပါ စီရင်ချက်ကို အယူခံဝင်၍ မရနိုင်ပေ။

အကူအညီပေးရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရိုဟင်ဂျာ ကလေးငယ် မျိုးဆက်တခုလုံးသည် ဘေးကင်းလုံခြုံမှု၊ တည်ငြိမ်မှု သို့မဟုတ် အခွင့်အလမ်းများ မရှိဘဲ ကြီးပြင်းလာနေရကြောင်း သတိပေးထားသည်။

၎င်းအဖွဲ့အနေဖြင့် ၁၉၉၅ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်ကတည်းက ကော့စ်ဘဇားရှိ ရိုဟင်ဂျာ ဒုက္ခသည်များနှင့်အတူ လုပ်ဆောင်ခဲ့ကာ ၂၀၁၇ ခုနှစ် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာမှုဖြစ်စဉ်အပြီးတွင် တုံ့ပြန်ဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ခဲ့ကြောင်း ဖော်ပြထားသည်။

ရိုဟင်ဂျာ အကျပ်အတည်းအပြင် ပဋိပက္ခများနှင့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံတဝန်း ကလေးငယ် ငါးသန်း အပါအဝင် လူဦးရေ ၁၆ သန်းခန့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း Save the Children က ပြောကြားသည်။

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ၏ ၂၀၂၆ ခုနှစ် အကူအညီတောင်းခံမှု၏ ၃၈ ရာခိုင်နှုန်းကိုသာ ရန်ပုံငွေ ရရှိထားသေးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မဇ္ဈိမ