အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့- EROs အပါအဝင် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီ ၉ ဖွဲ့က စက်တင်ဘာလ ၁၉ ရက်တွင် ပူးတွဲသဘောထားထုတ်ပြန်ကြေညာသည်။
ပူးတွဲသဘောထားထုတ်ပြန်သည့် တိုင်းရင်သားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီ ၉ ဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ရေး (NMSP- AD) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)/WLB တို့ ဖြစ်ကြသည်။
ယင်းကြေညာချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ WLB မှ နာင်းမို့မို့က “အဓိက အချက်က ထုတ်ပြန်ချက် အထဲပါတဲ့ အစုအဖွဲ့ ၉ ခု အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့ချဉ်းကပ်တဲ့အခါမှာ Bottom – Up ပေါ့နော်၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးဆိုတဲ့ အောက်ခြေကနေ ချဉ်းကပ်မှုနဲ့ သွားမယ်ဆိုတာ အသိပေးချင်တာဖြစ်တယ်။ နောက် စဉ်းစားချက်က ဖက်ဒရယ်လို့ပြောတဲ့အခါမှာ တကယ့်ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ဖို့က ပြည်နယ်ပဲပြောပြော၊ ယူနစ်ပဲပြောပြော၊ လူမျိုးတွေပဲ ပြောပြော၊ ဒါတွေအားကောင်းမှ ဖက်ဒရယ်က ခိုင်မာမယ်ဆိုတဲ့ဟာကို ကျနော်တို့က စဉ်းစားတာဖြစ်တယ်” ဟု ဆိုသည်။
ဆက်လက်ပြီး နာင်းမို့မို့က “နိုင်ငံရဲ့အနေအထားက စုံလင်ကွဲပြားတဲ့အနေအထား ဖြစ်တယ်။ ဗဟိုကိုပဲ ဦးတည် ပြီးတော့ ဗဟိုပြုပြီးမှ အပေါ်ကနေ အောက်ကိုဆင်းမယ့်ဟာကို အပေါ်ကပဲ အာဏာတွေ ယူထားပြီး၊ အောက်ခြေ ပြည်နယ်၊ ယူနစ်တွေမှာက တချို့သောလုပ်ပိုင်ခွင့်လောက်ပဲ သွားနေမယ်ဆိုရင် ပြည်ထောင်စု မခိုင်မာဘူးဆိုတာ ကျမတို့ အပြည့်အဝယုံကြည်တယ်။ ဒါကြောင့် ပြည်ထောင်စုခိုင်မာဖို့ဆိုရင် ကျမတို့ရဲ့မတူညီတဲ့ နောက်ခံသမိုင်း ကြောင်းတွေ၊ ယဉ်ကျေးမှုတွေ၊ မတူကွဲပြားတဲ့ နိုင်ငံရေးအစဉ်အလာတွေကို အသိအမှတ်ပြုရမယ်။ ဒါကြောင့် အောက်ခြေကနေ စရမယ်လို့ ကျမတို့က ထုတ်ပြန်တာဖြစ်တယ်” ဟု ဆက်ပြောသည်။
တိုင်းရင်သားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ ၉ ဖွဲ့က ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများ အကြိမ်ကြိမ် ကျင်းပပြုလုပ်ပြီးနောက် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom- up Federalism) နှင့် စပ်လျဉ်း၍ သဘောတူညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
Bottom- Up Federalism တွင် (က) အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ ဖက်ဒရယ် ယူနစ်များနှင့် ၎င်းပြည်နယ်/ ဖက်ဒရယ်ယူနစ်များ အတွင်းရှိ ပြည်သူလူထုများဖြစ်ကြောင်း၊ ယင်းယူနစ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံကြောင်း၊ အချုပ်အခြာအာဏ၊ သွေးစည်းညီညွတ်မှု၊ လူထုနှင့် အနီးကပ်ဆုံး အာဏာနှင့်အချိုးကျမှု အခြေခံမှုများအတိုင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်းကို ဆောင်ရွက်မည်ဟု ဆိုသည်။
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်ရေး (Bottom- Up Federalism) ကို တော်လှန်ရေးအင်အားစုများအကြား ဆက်လက်ညှိနှိုင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်ခဲ့ကြောင်း သိရသည်။
နာင်းမို့မို့က “ရှေ့ဘယ်လို အခင်းအကျင်းတွေကို မြင်ရမလဲက လောလောဆယ်က အဖွဲ့ ၉ ဖွဲ့ ပါဝင်ပေမယ့်လည်း နောက်ပိုင်းမှာ ကျန်တဲ့အစုအဖွဲ့တွေပါဝင်လာဖို့ ကျမတို့ ဆက်လက်လုပ်ဆောင်သွားဖို့တွေရှိတယ်။ ကျန်တဲ့အဖွဲ့တွေလို့ ပြောတဲ့အခါမှာ နေရာဒေသကိုပဲပြောပြော၊ ပြည်နယ်ကိုပဲပြောပြော၊ လူမျိုးကိုပဲပြောပြော အခြေပြုပြီးစုဖွဲ့လာတဲ့ အဖွဲ့အစည်းလေးတွေ ရှိလာတယ်။ ဒါက ဘာပဲပြောပြော အဲလိုစုဖွဲ့လာတယ်ဆိုကတည်းက ပြည်နယ် အားကောင်းလာရေး၊ ဒေသအားကောင်းရေး၊ လူမျိုးအားကောင်းရေးကို စဉ်းစားတာဖြစ်တယ်။ အဲဒီလူတွေ ပါဝင်လာဖို့ ဆက်ပြီးဆောင်ရွက်မှာတွေ ရှိသလိုမျိုး ပြည်နယ်၊ ယူနစ်တွေ အချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ပြောသည်။
ထိုသဘောတူညီချက်များနှင့် လုပ်ငန်းစဉ်များကို တိုင်းရင်သားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီ ၉ ဖွဲ့က အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွ လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးကို ရှေ့ရှုပြီး ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ ကြားကာလမှစတင်၍ မိမိတို့ တိုင်းရင်သားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ ၉ ဖွဲ့တို့က အတူတကွ တည်ဆောက်သွားမည်ဖြစ်ကြောင်း ယခုကဲ့သို့ ပူးတွဲသဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
KMG ပေးပို့သည်။