CDM များအား အလုပ်ခန့်သည်ဟုဆိုကာ မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံ (၃) ရုံ၏ လုပ်ငန်းလိုင်စင်များအား စစ်ကောင်စီက အပြီးတိုင်ပိတ်သိမ်း

By MPM 22 မေ, 2023 👁

မန္တလေးက ပုဂ္ဂလိက ဆေးရုံ (၃) ရုံကို CDM များကိုအလုပ်ခန့်အပ်သည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီက လိုင်စင်ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

၎င်းဆေးရုံ ၃ ရုံမှာ ကံ့ကော်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့် နန်းတော်ဆေးရုံတို့ဖြစ်သည်။

၎င်းဆေးရုံ ၃ ရုံသည် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က) ပါ လိုင်စင်စည်းကမ်းကို လိုက်နာမှုမရှိသည့်အတွက် လိုင်စင်ပိတ်သိမ်းရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။

စစ်ကောင်စီကနေ လွန်ခဲ့သည့် ၄ လခန့်ကတည်းက CDM များ ခန့်အပ်သည့် အကြောင်းပြချက်ဖြင့် မန္တလေးက ပုဂ္ဂလိကဆေးရုံ ၅ ရုံကို ယာယီပိတ်သိမ်းခိုင်းထားခဲ့ခြင်းဖြစ်ပြီး ၎င်းထဲက ဆေးရုံ (၃) ရုံကို မေလ (၁၅) ရက်နေ့တွင် အပြီးတိုင် လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်း ပိတ်သိမ်းခံရသည့် ဆေးရုံ (၃) ခုပေါင်းတွင် ဝန်ထမ်းပေါင်း ၁၀၀၀ နီးပါးခန့်ရှိနိုင်ပြီး အားလုံး အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည်ဟု ကျန်းမာ ရေးအသိုင်းအဝိုင်းကတစ်ဆင့် သိရှိရသည်။

“ဆေးရုံပိတ်သိမ်းခံရတော့ ဝန်ထမ်းတွေတော့ အခက်အခဲဖြစ်ကုန်တာပေါ့။ ဆေးရုံဆိုတော့ အောက်ခြေ သန့်ရှင်းရေးဝန်ထမ်း လုံခြုံရေးဝန်ထမ်းတွေကအစ အကုန် အခက်တွေ့ကုန်တော့ပေါ့” ဟု ပိတ်သိမ်းခံရသည့် ဆေးရုံတစ်ခုက ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ ဆေးရုံများ ပိတ်သိမ်းမှုကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အဟိုအဖွဲ့ (၁/ ၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်အရဟု ဇန်နဝါရီ ၁ နေ့ကတည်းက လုပ်ငန်းလိုင်စင် ပယ်ဖျက်ခံထားရခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

စစ်ကောင်စီကနေ မန္တလေးမြို့ထဲက နံမည်ကြီး ပုဂ္ဂလိကဆေးရုံများတွင် CDM ခန့်အပ်ထားမှုရှိမရှိ စစ်ဆေးမှုများအား ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကပြုလုပ်ခဲ့ပြီး ဆေးရုံ (၅) ရုံကို ယာယီပိတ်သိမ်းခိုင်းခဲ့ကြောင်း သိရှိရသည်။

ထိုအချိန်က ယာယီပိတ်သိမ်းခံရသည့် ဆေးရုံများတွင် လက်ရှိလိုင်စင်ပိတ်သိမ်းခိုင်းရသည့် ဆေးရုံး (၃) ရုံအပါဝင် ထက်နေလင်းဆေးရုံနှင့် စိန်ပန်းဆေးရုံတို့လည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။