BGF အကူအညီနဲ့ လေးကေကော်မြို့တဝက်နီးပါး အာဏာသိမ်းစစ်တပ် ပြန်ထိန်းချုပ်

By MPM 7 အောက်တိုဘာ, 2025 👁

ကရင်ပြည်နယ် လေးကေကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ အာဏာသိမ်းစစ်အုပ်စုရဲ့လော်ဘီတွေက အောက်တိုဘာ ၅ ရက်နေ့မှာ ဝါဒဖြန့်ထုတ်ပြန်ဖော်ပြနေပေမယ့် မြို့ရဲ့ နေရာတချို့တစ်ဝက်ကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်နိုင်သေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းက လေးကေကော်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီး လေးကေကော်မြို့ ဆေးပေးခန်းရှေ့မှာ စစ်ကော်မရှင်တပ်သားတွေ စုဖွဲ့ဓာတ်ပုံရိုက်နေတဲ့ပုံတွေနဲ့တကွ အာဏာသိမ်းစစ်တပ်ထောက်ခံသူ စစ်လော်ဘီတွေက လူမှုကွန်ယက်တွေမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ကူညီတိုက်ခိုက်မှုနဲ့ လေးကေကော်ဆေးခန်းနဲ့ အနီးအနားဝန်းကျင်နေရာတဝိုက်ကိုသာ သိမ်းပိုက်ဝင်ရောက်ထားပြီး မြို့တစ်ခုလုံးကို ထိန်းချုပ်မရသေးဘဲ မြို့တစ်ဝက်လောက်ကိုသာ ထိန်းချုပ်နိုင်သေးတာပါ။

ကျန်တဲ့ မြို့ရဲ့တစ်ဝက်ကတော့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားဆဲဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို ဆက်လက်ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ တော်လှန်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

KNLA တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားခဲ့တဲ့ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ လေးကေကော်မြို့သစ်ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က အာဏာသိမ်းစစ်တပ်က ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ကူညီပေးမှုနဲ့ မြေပြင်စစ်ကြောင်းထိုးလာခဲ့ရာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ပြင်းထန်နေခဲ့တာပါ။

အဲဒီနောက် လေးကေကော်မြို့က ရေကန်ကုန်းကို စစ်ကော်မရှင်တပ်က သိမ်းပိုက်နိုင်ခဲ့ပြီး အခုအခါမှာတော့ လေးကေကော်ဆေးခန်းနဲ့ အနီးအနားနေရာတွေကို စစ်ကော်မရှင်တပ်က ထပ်မံသိမ်းပိုက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

လေးကေကော်မြို့သိမ်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေ အများအပြားကို အသုံးပြုပြီး ရှေ့တန်းစစ်မျက်နှာမှာ အသေခံတက်ခိုင်းခဲ့ရာ တိုက်ပွဲအတွင်း စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးသွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လေးကေကော်မြို့သစ်ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပါက မြဝတီ-ဝေါ်လေ လမ်းပိုင်းတစ်လျှောက်ကို ဆက်လက်ထိုးစစ်ဆင်လာနိုင်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုကြပါတယ်။

သံလွင်တိုင်းမ်