BGF နှင့်ညှိပြီးမှ ကျားဖြန့်လုပ်ငန်းများရှိရာ KK Park ကို စစ်အုပ်စု ဝင်အဖမ်းပြ

By MPM 20 အောက်တိုဘာ, 2025 👁

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သတင်းထွက်ပေါ်နေသည့် KKP (KK park) ဝန်းကို စစ်အုပ်စုက ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နှင့် ညှိနှိုင်းပြီးမှ ဝင်အဖမ်းပြခြင်းဖြစ်သည်ဟု အခြေအနေကိုသိထားသူ အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ကေအိုင်စီသို့ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မြောက်ဘက် နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် (၂) အနီးရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းများရှိသည်ဟု သတင်းထွက်နေသည့် KK park ဝန်းအတွင်းသို့ စစ်အုပ်စုက ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း ၎င်းတို့ထိန်းချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သည်။

နယ်စပ် ကျားဖြန့်ငွေလိမ်လုပ်ငန်းများ၌ အင်တာနက်သုံးစွဲမှုတွင် ပါဝင်ပတ်သက်နေသူ စတားလင့်ခ်ကုမ္ပဏီကို အမေရိကန် ကွန်ကရက်က စစ်ဆေးမှုလုပ်ဆောင်တော့မည်ဟု AFP သတင်း၌ ဖော်ပြပြီးနောက် နယ်စပ်တချို့နေရာများတွင် စတားလင့်ခ် အင်တာနက်သုံးစွဲမှု ပြတ်တောက်သွားသည်။

ရက်ပိုင်းအတွင်းမှာပင် စစ်အုပ်စုက KK Park နယ်မြေရှိ အဆောက်အအုံများအတွင်း ဝင်ရောက်ရှာဖွေပြခဲ့ပြီး ထိုနယ်မြေမှ စတားလင့်ခ်စက်အလုံး(၃၀)ကို ရရှိခဲ့ကြောင်း ပုံမှတ်တမ်းများနှင့် နိုင်ငံပိုင်မီဒီယာမှတဆင့် ဖော်ပြသည်။

“စကစ KK park ကိုဝင်စီးတာ ဒီတစ်ရက်နှစ်ရက်လောက်တော့ ရှိပြီ။ သူတို့ဝင်တယ် ဓာတ်ပုံရိုက်တယ်ဆိုတာလည်း BGF ခေါင်းဆောင်တွေနဲ့ညှိပြီးဝင်တာ” ဟု ကရင်နယ်ခြားစောင့်တပ် – BGF နှင့်နီးစပ်သည့် ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။

KK park အပါအဝင် လူကုန်ကူးမှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှု အစရှိသော နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်း အများအပြားရှိရာအဖြစ် ကမ္ဘာကျော်နေသည့် ရွှေကုက္ကိုလ်ဒေသကို ကရင်နယ်ခြားစောင့်တပ် – BGF၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် – DKBA တို့မှ အများအားဖြင့်ထိန်းချုပ်သည်။

၎င်းတို့က စစ်အုပ်စုနှင့်လည်း ဆက်ဆံရေးအပြန်အလှန်ရှိနေသည့် အဖွဲ့များဖြစ်သည်။

KK Park ကို စစ်အုပ်စုဝင်ရောက်လာသည်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေ ပြောခွင့်ရပုဂ္ဂိုလ်များသို့ ကရင်သတင်းဌာန-ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်းရာတွင်မူ ဖုန်းလက်ခံဖြေကြားမှုမရှိပေ။

သို့သော် သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူ ခွင့်ပြုချက်ယူပြီးမှ KK Park ဝန်းအတွင်း စစ်အုပ်စုဝင်ခွင့်ရသည်ဟုလည်း နောက်ထပ် BGF သတင်းအရင်းအမြစ်က အတည်ပြုသည်။

ဝန်းအတွင်းဝင်ရောက်သည့်အပြင် စစ်အုပ်စုက လုပ်ငန်းလည်ပတ်မှုအတွက် BGF ထံမှ အခွန်တောင်းခံခြင်းရှိခဲ့သလို ထိုနေရာအနီးတဝိုက်သို့ ဆက်လက်တိုးဝင်မည့်အပြုအမှုကြောင့် BGF နှင့် သဘောထားကွဲလွဲမှုအနည်းငယ်ဖြစ်ပွားခဲ့သေးသည်ဟု ကေအိုင်စီ သတင်းရင်းမြစ်က ပြောဆိုသည်။

၎င်းက “သူတို့ဝင်စီးတဲ့အချိန်မှာ အခွန်ပေးဖို့ဘာဖို့ဆိုပြီး ငွေတောင်းတာ။ BGF ဘက်ကတော့ပြောတယ် ခလရ-၂၇၅ ကို တစ်နှစ်ကို ဘတ်သိန်း ၂ ထောင် အခွန်ဆောင်ရတယ်ဆိုပြီး။ နောက်တော့ အဲ့ဒီနားပဲ နောက်ထပ်နေရာတစ်ခုကိုလည်း ဝင်ဖို့လုပ်လို့ BGF က ပေးမဝင်ဘူး။ တကယ်လို့ ဝင်မယ်ဆိုတာနဲ့ပစ်မိန့်ပေးထားတယ်လို့ ပြောတယ်” ဟု ကေအိုင်စီကို ပြောသည်။

ကရင်-မြဝတီနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများ ထင်ထင်ပေါ်ပေါ်ဖြစ်လာသည့်အပေါ် ထိုင်းနိုင်ငံဘက်က အရေးယူဟန့်တားသည့်အနေဖြင့် မြဝတီမြို့သို့ လျှပ်စစ်မီးနှင့် အင်တာနက်ဆက်သွယ်ရေးများကို ဖြတ်တောက်ထားသည်။

ထို့အပြင် နိုင်ငံတကာဖိအားကြောင့် BGF နှင့် DKBA တို့က ပြီးခဲ့သည့်နှစ်ဆန်းပိုင်းမှစပြီး ကျားဖြန့်နှင့်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များဖွဲ့ကာ ငွေလိမ်ဂိုဏ်းများ၌ လူကုန်ကူးခံရသည့် နိုင်ငံခြားသား ထောင်ချီပြီး ထိုင်းမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ပေးခဲ့ရသည်။

သို့သော် ရှိနေသည့်အရင်းအမြစ်ဖြင့် နယ်စပ်တွင် ကျားဖြန့်လုပ်ငန်းများမှာ ယခုတိုင် ဆက်လက်လည်ပတ်နေသလို ကျားဖြန့် အဓိကလုပ်ကိုင်သည့် ခေါင်းဆောင်တချို့ကိုသာ ဖမ်းဆီးပြန်ပို့ထားသည်ဟု သိရသည်။

ကေအိုင်စီ