AA ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်ခဲ့တာကြောင့် လူ ၅၀ ကျော်သေဆုံး

By MPM 13 စက်တင်ဘာ, 2024 👁

ရခိုင်ပြည်၊ မောင်တောမြို့တွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည့် နခခ -၂ ရှိ AA ၏ ယာယီ အကျဥ်းစခန်းကို စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၅၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး လူ ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AA က သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောမြို့ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ (နခခ-၂) ရှိ အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်းများ ဖမ်းဆီးထားရာ အကျဉ်းစခန်းကို စစ်ကောင်စီက နှုတ်ပိတ်လို၍ ထိုသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။

“စစ်သုံ့ပန်းတွေထားတဲ့နေရာကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတာက သူတို့အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီက ကျူးလွန်ထားတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ နောက်ပြီးလို့ရှိရင် မြို့ရွာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့ဖျက်ဆီးခဲ့မှုတွေ၊ နောက်ပြီးတော့ ဒေသခံပြည်သူတွေကြားမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးခဲ့မှုတွေ၊ အစရှိတဲ့ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဖြစ်တယ်” ဟု ဦးခိုင်သုခက ပြောသည်။

ဆက်လက်ပြီး ဦးခိုင်သုခက “ဒီရာဇဝတ်ပြစ်မှုကြီးတွေအတွက် အဓိကသက်သေထွက်ဆိုပေးနိုင်တဲ့သူတွေဟာ အခု ဒီစစ်သုံ့ပန်းဖြစ်နေတဲ့ တချိန်က မင်းအောင်လှိုင်ခိုင်းသမျှ အဆင့်ဆင့်လုပ်ခဲ့ကြတဲ့ စစ်အရာရှိကြီးတွေ၊ အလယ်အလတ်တပ်မှူးတွေ၊ ရဲဘော်တွေ ဖြစ်တယ်။ ဒါကြောင့် ဒီသက်သေထွက်ဆိုနိုင်တဲ့ စစ်သုံ့ပန်းတွေ ထားတဲ့နေရာတွေကို မင်းအောင်လှိုင်တပ်က ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတာဖြစ်တယ်” ဟု ပြောသည်။

AA က သိမ်းပိုက်ထားသော အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ (နခခ-၂) ရှိ AA ၏ ယာယီအကျဥ်းစခန်းနှင့် ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ AA ၏ ယာယီဆေးကုသရေးစင်တာတို့ကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် AA ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများအပါအဝင် အရပ်သားအကျဥ်းသား စုစုပေါင်း ၇၀ ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

သေဆုံးဒဏ်ရာရသူများတွင် AA က မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် စစ်သုံ့ပန်းများ၊ ARSA ၊ RSO မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊ ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ဆက်စပ်နေသောသူများနှင့် သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူတချို့တို့ ပါဝင်သည်ဟု ဆိုသည်။

အလားတူ စက်တင်ဘာ ၈ ရက်၊ ညနေ ၇ နာရီခန့်ကလည်း ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဥ်းသားများအား ဆေးကုသပေးနေသော AA ၏ ယာယီဆေးကုသရေးစင်တာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းဖြစ်စဥ်အတွင်း စစ်ကောင်စီ၏သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် အာရက္ခတပ်တော်၏ သတင်းများကို စစ်ကောင်စီထံ ပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့၊ ထိုအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ AA ကျန်းမာရေးဝန်ထမ်းတချို့နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးတချို့အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူစုစုပေါင်း ၁၀ ဦးအထိရှိခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။

ဦးခိုင်သုခက “အဓိကကတော့ သူတို့ ဒီသက်သေထွက်ဆိုနိုင်တဲ့သူတွေကို သတ်ဖြတ်ပစ်ပြီးတော့ နှုတ်ပိတ်ပစ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ကျနော်ကတော့ အဲလိုမျိုးသုံးသပ်ပါတယ်” သုံးသပ်ပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်နှစ်ခုအတွင်း အသက်မသေဘဲ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို AA ဆေးတပ်ဖွဲ့ဝင်များက ကောင်းမွန်စွာ ဆေးကုသမှုပေးနေသည်ဟုလည်း ဦးခိုင်သုခက ဆက်ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ကရင်နီ (ကယား) ပြည်နှင့် ရှမ်းပြည်တို့ကိုသွားရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများ ကို ပြန်လည်သိမ်းယူမည်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများတွင် သတင်းရရှိမှုအပေါ်မူတည်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဟု ပြောဆိုခဲ့သည်။

ယင်းသို့ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ရခိုင်အပါအဝင် ရှမ်းမြောက်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ကရင်နီ (ကယား)နှင့် ပဲခူး စသည့် နေရာအနှံ့တွင် ပိုမိုပြုလုပ်လာခဲ့သည်။

ယင်းကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန်လည်း AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သတိပေးထားသည်။

နိရဉ္စရာ ပေးပို့သည်။