အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့်သံယဖြင့် ရခိုင်ပြည်၊ ကျောက်ဖြူအကျဉ်းထောင်တွင် ထောင်ဒဏ် ချမှတ်ခံထားရသူများအနက် ၁၃ ဦးမှာ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ဧပြီ ၁၇ ရက်က လွတ်မြောက်လာကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီကလွှတ်ပေးခဲ့သော အကျဉ်းသား ၄,၈၉၃ ဦး ထဲတွင် ကျောက်ဖြူ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွှတ်မြောက်လာခြင်းဖြစ်သည်။
“ကျောက်ဖြူထောင်က အကျဉ်းသား ၃၀ ကျော် လွတ်လာပါတယ်။ ဒီထဲမှာ AA နဲ့ ပတ်သက်လို့ဆိုပြီး ကျနော်တို့လို ထောင်ဒဏ်ကျခံနေရတဲ့လူ ၁၃ ယောက်ပါတယ်။ ဒါပေမဲ့ AA နဲ့ ပတ်သက်လို့ဆိုပြီး စစ်ကောင်စီ ဖမ်းဆီးထား သူတွေ နောက်ထပ်ထောင်ထဲမှာ အများကြီး ကျန်ခဲ့ပါသေးတယ်” ဟု လွတ်မြောက်လာသူ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဆက်သွယ်စုံစမ်းချက်များအရ လွတ်မြောက်လာသူများမှာ ကန္ဒီးကျေးရွာမှ ဦးတင်လင်း မောင်မျိုးဝင်း၊ မောင်ဝေအောင်၊ မောင်ကျော်မင်းထွန်းတို့ဖြစ်ပြီး အခြားအမည်များကို ထပ်မံစုံစမ်းနေဆဲဖြစ်သည်။
ကန္ဒီးကျေးရွာသားများမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျေးရွာဘုန်းကြီးကျောင်းအတွင်း ဝေယျာဝိစ္စလုပ်နေစဉ် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။
ယခုလွတ်မြောက်လာသူများမှာ ထောင်ဒဏ် ၁ နှစ်အောက် ချမှတ်ခံထားရသူများနှင့် လွတ်ရက်စေ့ခါနီးနေသူများ ဖြစ်ကြပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူများ ထောင်ထဲတွင် ကျန်နေသေးကြောင်း သိရသည်။
“နိုင်ငံရေးပုဒ်မနဲ့ လွတ်လာတဲ့သူတွေရော တခြားပုဒ်မတွေနဲ့ လွတ်လာတဲ့သူတွေရော လွတ်လာသူတွေထဲမှာ နှစ်ကြီးသမားတွေ တစ်ယောက်မှ ပါမလာပါဘူး။ လွတ်ရက်စေ့ခါနီးနေသူတွေနဲ့ ထောင်တစ်နှစ်အောက် ကျခံနေရတဲ့သူတွေကိုပဲ လွှတ်ပေးတာ” ဟု ကျောက်ဖြူအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကောက်ယူမှတ်တမ်းပြုစုထားသည့် အချက်အလက်များအရ ၂၀၂၃ နိုဝင်ဘာက စတင်ခဲ့သည့် ရခိုင်တိုက်ပွဲအတွင်း အာရက္ခတပ်တော်နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ကျောက်ဖြူဒေသခံ ၉၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီး၍ အကျဉ်းထောင်၊ ရဲစခန်းနှင့် စစ်ကြောရေးစခန်းတို့တွင် ချုပ်နှောင်ထားသည်။
အများစုမှာ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) စသည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် ၆ လမှ ၁၀ နှစ်အထိ ပြစ်ဒဏ် အသီးသီးချမှတ်ခံထားရပြီး ဆေးကုသခွင့်မရသဖြင့် ကျန်းမာရေးပြသနာများ ဆိုးရွားစွာ ရင်ဆိုင်နေရသူများလည်းရှိနေကြောင်း သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။