AA ထိုးစစ် ကပစ ၁၆ အနီးသို့ ရောက်ရှိလာ

By MPM 9 မေ, 2026 👁 1

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ကပစ ၁၆ ကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်နေပြီး ထိုးစစ်များမှာလည်း ကပစ အနီးသို့ တဖြည်းဖြည်းချဉ်းကပ်လာနေသည်။

လက်ရှိ AA နှင့်ပူးပေါင်းတပ်တို့၏ ထိုးစစ်မှာ ကပစ ၁၆ နှင့် ၄ မိုင်အကွာသို့ရောက်ရှိလာပြီး ရှေ့တန်း ကာကင်စခန်းဖြစ်သည့် ပွိုင့် ၅၀၀ စခန်းကုန်းကို တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည်။

AA နှင့်ပူးပေါင်းတပ်တို့က မေလ ၄ ရက်မှစ၍ ကပစ ၁၆ ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေဖြစ်ပြီး ပွိုင့် ၅၀၀ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

“ပွိုင့်-၅၀၀ စခန်းကုန်းက တိုက်ပွဲတွေ ရှိနေတုန်းပဲ။ စကမ ဖက်ကလည်း ကပစ-၁၆ ကနေ အင်အားတွေ ဖြည့်တင်းဖို့ ကြိုးပမ်းနေတာတွေရှိတယ်။ လက်ရှိတိုက်ပွဲတွေက ကပစ-၁၆ နဲ့ ၄ မိုင်ဝန်းကျင်ပဲ ရှိတော့တာကြောင့် စကမဖက်က အပြင်းအထန် ခုခံဖို့ ကြိုးပမ်းနေတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပွိုင့် ၅၀၀ စခန်းကုန်းတွင် စစ်အုပ်စုက စကခ-၁၀ လက်အောက်ခံ ခမရ ၃၆၃၊ ခမရ ၃၆၄၊ ခမရ ၃၆၆၊ ခမရ၃၆၉ တပ်ရင်းတို့က ထုတ်နုတ်စုပေါင်းထားသည့် တပ်ဖွဲ့ဝင်များဖြင့် ခုခံတိုက်ခိုက်နေခြင်းဖြစ် ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ကပစ- ၁၆ ၏ ရှေ့တန်း ကာကင်းစခန်းများအဖြစ် ပွိုင့် ၅၀၀ စခန်းကုန်း၊ ပွိုင့် ၆၆၆ စခန်းကုန်းနှင့် ပွိုင့် ၃၅၃ စခန်းကုန်းတို့ တည်ရှိနေပြီး ပွိုင့် ၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး လည်းဖြစ်သည်။

လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် ကပစ-၁၆ မှာ ယမ်းချက်စက်ရုံဖြစ်ပြီး ယခုအချိန်တွင် အာရက္ခတပ်တော်တို့၏ စစ်ရေးအောင်မြင်မှုများက နိုင်ငံတဝန်း အခြားတော်လှန်ရေး အင်အားစုများအတွက်ပါ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ဗျူဟာကျနေကြောင်း စစ်ရေးအကဲခတ်သူတို့က ရှုမြင်ကြသည်။

“လက်ရှိ ထိုးစစ်ဟာလည်း ကပစ-၁၆ ယမ်းချက်စက်ရုံကို ဦးတည်လာတာလည်းဖြစ်တယ်။ အာရက္ခတပ်တော်ရဲ့ စစ်ရေးဖော်ဆောင်မှုတွေက မကွေး၊ ချင်းပြည်နယ်နဲ့ ဧရာဝတီမြစ် အနောက်ဖက်ခြမ်းတွေကို တိုက်ရိုက်သက်ရောက်စေမှာပါ။ အာရက္ခတပ်တော်ရဲ့ စစ်ရေး ဖော်ဆောင်မှုတွေဟာ တော်လှန်ရေး တပ်တွေအတွက် အတော်လည်းကို အရေးပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

စစ်အုပ်စုသည် ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့မှာ ၂၀၂၆ ခုနှစ်အတွင်း မြို့များကို ဆက်တိုက်သိမ်းပိုက်နိုင်သော်လည်း အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ပွဲများတွင် အရှုံးနှင့်ရင်ဆိုင်နေရသည်။

အာရက္ခတပ်တော်သည် ရခိုင်က လက်ကျန်မြို့နယ်များသည့် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင်လည်း စစ်မျက်နှာဖွင့်ထားသလို ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့မှာလည်း မဟာမိတ်များနှင့်ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။

စစ်အုပ်စုက အာရက္ခတပ်တော်နှင့် ဆိုင်ရင်ဆိုင်တိုက်ပွဲများကို ကွပ်ကဲရန် အနောက်ပိုင်းတိုင်းနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်များကို ကွပ်ကဲရသည့် အမှတ် (၃) စစ်ဆင်ရေး အထူးတပ်အဖွဲ့မှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကိုတာဝန်ပေးထားသည်။

DMG