အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦးအား ချင်းအမျိုးသားတပ်ဦး CNF က ဖမ်းဆီးထိန်းသိမ်းစဉ်တွင် ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့သည်ဟု ချင်းညီနောင်၏ စွပ်စွဲပြောဆိုချက်သည် မဟုတ်မှန်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ငြင်းဆိုလိုက်သည်။
ချင်းပြည်တောင်ပိုင်း မတူပီမြို့သိမ်းတိုက်ပွဲကာလတွင် CNF/CNA က ဖမ်းဆီးခဲ့သည့် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ထဲက အာရက္ခတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရန်သူသဖွယ်နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် အသက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က မေလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအား ဆက်သွယ်မေးမြန်းရာ၌ CNF တွင် စစ်သုံ့ပန်းများကို ညှင်းပမ်းနှိပ်စက်ခွင့်မရှိကြောင်း၊ AA တပ်ဖွဲ့ဝင် သေဆုံးမှုမှာလည်း ကျန်းမာရေးကြောင့်သာဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
“စစ်သုံ့ပန်းထိန်းသိမ်းထားတဲ့သူတွေကို ညှင်းပမ်းနှိပ်စက်ခွင့် မရှိပါဘူး။ အခု သေမှုသေခင်းနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် သေသွားတာဖြစ်တယ်။ တိကျခိုင်လုံမှုမရှိတဲ့ မသိတဲ့ လက်လွတ်စပယ် လုပ်ရပ် အရေးအသားမျိုးကို ရှောင်ရှားသင့်တယ်။ အမှန်ဆိုရင်တော့ အဲဒီရဲဘော်ဘယ်လိုသေသလဲဆိုတာ အခု ကျနော်တို့လွှတ်ပေးလိုက်တဲ့ AA တပ်ဖွဲ့ဝင်နှစ်ယောက် ကိုယ်တိုင်သိကြမှာပါ။ ကျနော်တို့မှာလည်း သေမှုသေခင်းနဲ့ပတ်သက်လို့ ဆရာဝန်တွေရဲ့ စစ်ချက်တွေ ကောင်းကောင်းရှိပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ချင်းညီနောင်အနေဖြင့် သူ၏ မဟာမိတ်တပ်ဖွဲ့ဖြစ်သော အာရက္ခတပ်တော် AA က ချင်းပြည်နယ် ပလက်ဝမြို့တွင် ချင်းပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို Global Khumi Organization (GKO) က မေလ ၃ ရက်နေ့က ထုတ်ဖော်ဖွင့်ချခဲ့ပြီးနောက် ယခုကဲ့သို့ CNF ကို ဦးတည်သော စွပ်စွဲချက်မျိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက တုံ့ပြန်ပြောသည်။
“ဘယ်အဖွဲ့အစည်းမဆို ပြောဆိုရေးသားတဲ့နေရာမှာ ရှေ့နောက်ကိုကြည့်ပြီးတော့ ပြောသင့်ပါတယ်။ GKO က AA ရဲ့လုပ်ရပ်ကို ထုတ်ပြန်တဲ့အချိန်မှာ ချင်းညီနောင်အဖွဲ့က ကျနော်တို့ဘက်ကို တိုက်ခိုက်ဦးတည်ပြီးတော့ လုပ်တာမျိုးကိုတော့ လုံးဝမလုပ်သင့် မလုပ်ထိုက်တဲ့ဟာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လက ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့သိမ်းစစ်ဆင်ရေးကာလ၌ ချင်းညီနောင်၊ အာရက္ခတပ်တော် AA စစ်ကြောင်း နှင့် CNF ဦးဆောင်သော ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး အပြန်အလှန်ဖမ်းဆီးမှုများ ရှိခဲ့သည်။
ထိုသို့ နှစ်ဖက်တပ်ဖွဲ့များမှ ဖမ်းဆီးထားသော စစ်သုံ့ပန်းများကို ၂၀၂၅ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် အပြန်အလှန် လှဲလှယ်ခဲ့ကြပြီးနောက် လွတ်မြောက်လာသော မဟာမိတ်တပ်ဖွဲ့များ၏ ပြောဆိုချက်အရဟုဆိုကာ AA တပ်ဖွဲ့ဝင်တစ်ဦးမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် နှိပ်စက်မှုကြောင့်သေဆုံးခဲ့ရကြောင်း ကြားသိရသည်ဟု ချင်းညီနောင်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ CNF/CNA အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြေရှင်းပေးရန်လိုအပ်သည့်အပြင် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ချင်းညီနောင်အဖွဲ့က ထည့်သွင်းထုတ်ပြန်ထားသည်။
KMG ပေးပို့သည်။