ရခိုင်ပြည်ရှိ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ၊ ဓည၀တီရေတပ်ဌာနချုပ်အနီးရှိ အုန်းကျိန်ကျွန်း ရေတပ်စခန်းကို အောက်တိုဘာ ၂၀ ရက်နေ့က အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။
အုန်းကျိန်ကျွန်း ရေတပ်စခန်းသည် ကျောက်ဖြူ သစ်ပုတ်တောင် (ဓညဝတီ) ရေတပ်ဌာနချုပ်မှ ရေမိုင် ၄ မိုင် ခန့်အကွာတွင် တည်ရှိသည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
ဒေသခံတစ်ဦးက “မနေ့က နေ့လယ် ၂ နာရီကျော်လောက်မှာ အုန်းကျိန်ရေတပ်စခန်းက ပေါက်ကွဲသံ ၂ ချက်ကြားရတယ်။ အကျယ်ကြီး ကြားရတာပါ။ ထပ်ပြီး အုန်းကျိန်ကျွန်းပေါ်ကလည်း လက်နက်ငယ်ပစ်ခတ်သံတွေ ထပ်ကြားရတယ်။ တိုက်ပွဲဖြစ်နေပြီထင်လို့ ကျွန်တော်တို့ ထွက်ပြေးကြတယ်” ဟု ပြောသည်။
လက်နက်ကြီးပေါက်ကွဲသံနှင့်အတူ လက်နက်ငယ်ပစ်ခတ်သံများကြောင့် အနီးအနားကျေးရွာများဖြစ်ကြသည့် တောင်ရှည်ကျေးရွာ၊ ကညှင်တောကျေးရွာနှင့် ဝါးတောင်ကျေးရွာတို့မှ ကျေးရွာသားများလည်း ကြောက်လန့်ပြီး ထွက်ပြေးကြသည်ဟု ၎င်းက ဆက်ပြောသည်။
ကျောက်ဖြူ၊ ဓညဝတီရေတပ်ဌာနချုပ်လက်အောက်ခံ ရေတပ် တပ်စခန်းတစ်ခုဖြစ်သော အုန်းကျိန်ကျွန်း ရေတပ်သည် ပတ်ဝန်းကျင်ဒေသခံများအား အနှောင့်အယှက်ပေးနေသော ရေတပ်စခန်းတစ်ခု ဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။
ဒေသခံတစ်ဦးက “ငါးရှာထွက်တဲ့ စက်လှေတွေကိုလည်း အမြဲလက်နက်ငယ်တွေနဲ့ အဲဒီစခန်းက ပစ်ခတ်တယ်။ နယ်ကျေးရွာတွေကနေ ကျောက်ဖြူမြို့ကို ရေကြောင်းကနေ စက်လှေတွေနဲ့ ဖြတ်သန်းသွားလာရင် တားဆီးပြီး အမျိုးမျိုးအနိုင်ကျင့်တယ်။ အဓိက ဒီရေတပ်က နယ်တွေနဲ့ ကျောက်ဖြူမြို့ပေါ်ကို သွားလာတဲ့ ရေကြောင်းလမ်းကို အဓိက ပိတ်ထားတဲ့စခန်း ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှု အကြီးအကျယ် မရှိသေးသော်လည်း မကြာခဏ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများရှိနေသည်ဟု သိရသည်။
လက်ရှိတွင် အုန်းကျိန်ကျွန်းရေတပ် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အသေးစိတ်ဖြစ်စဉ်များကို မသိရှိရသေးပါ။
နိရဉ္စရာ ပေးပို့သည်။