၂၀၂၃ တစ်နှစ်တာအတွင်း တနင်္သာရီတိုင်းတွင် အရပ်သား၂၇၀ နီးပါး သတ်ဖြတ်ခံခဲ့ရ

By MPM 13 ဇန်နဝါရီ, 2024 👁

တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်း ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၂၆၇ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

အရပ်သားသေဆုံးမှုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့၏ သတ်ဖြတ်မှု ၃၆ ရာခိုင်နှုန်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်က သတ်ဖြတ်မှု ၂၇ ရာခိုင်နှုန်း၊ အမည်မသိ လက်နက်ကိုင်အဖွဲများက သတ်ဖြတ်မှု ၃၇ ရာခိုင်နှုန်း ရှိခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်သည့် အရပ်သားသေဆုံးမှု ဖြစ်စဉ်များတွင် ကျေးရွာများကို စစ်ကြောင်း ထိုးလာချိန် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အလောင်းဖျောက်မှုများ ရှိနေသလို လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးမှုများလည်း ပါဝင်သည်ဟု FE5 Tanintharyi ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများဖြစ်သည့် ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စသော အဖွဲ့အစည်းများကလည်း တတ်ကြွလူငယ်များ၊ PDF အဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် NLD ပါတီဝင်များကို ပစ်မှတ်ထား သတ်ဖြတ်မှုများလည်း ရှိခဲ့ကြောင်း ထိုထုတ်ပြန်ချက်အရ သိရသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက တရားဝင်ထုတ်ပြန်သည့် အချက်အလက်များအရ ပျူစောထီး၊ သွေးသောက်၊ စစ်တပ် သတင်းပေးသူများ အပါအဝင် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းတချို့ကိုပါ လုပ်ကြံသတ်ဖြတ် ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အချို့ဖြစ်စဉ်များတွင် မှားယွင်းသတ်ဖြတ်ခံရခြင်း၊ မိသားဝင်တွေပါ ထိခိုက်သေဆုံးမှုများအပြင် ခရီးသွားပြည်သူ တချို့လည်း မှားယွင်းပစ်ခတ်ခံရမှုကြောင့် သေဆုံးမှုများရှိခဲ့ကြောင်း FE5 Tanintharyi က ပြောဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် အစီရင်ခံစာအရ နိုင်ငံတဝန်း၌ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၄၃၀၀ ကျော် သေဆုံးခဲ့ ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။