ငြိမ်းချမ်းရေးနှင့်ယဥ်ကျေးမှုလုပ်ငန်းစဥ်များကို စောင့်ကြည့်ဖော်ထုတ်ခြင်းအတွက် ပေးအပ်သည့် ၂၀၂၃ ခုနှစ်၏ ဟီရိုရှီးမားဆုကို နိုင်ငံတကာမြန်မာ့သတင်း (BNI) အား ချီးမြှင့်လိုက်ကြောင်း ဆုအပ်နှင်းသော The Edita & Ira Morris Hiroshima ဖောင်ဒေးရှင်းက မေလ (၁၅) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ထုတ်ပြန်ချက်တွင် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားလူမျိုးအစုအဖွဲ့အသီးသီး၏ သတင်းများအားရဲဝံ့စွာ ထုတ်ဖော်ပေးခြင်း၊ လူ့အခွင့်အရေးကိုချိုးဖောက်နေသော ရက်စက်ကြမ်းကြုတ်မှုများအား အစီရင်ခံစာရေးသား တင်ပြခြင်းနှင့် နိုင်ငံတကာကသိရှိစေရန် သတင်းများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခြင်းစသည့် လုပ်ငန်းစဥ်များလုပ်ဆောင်သော တိုင်းရင်းသားမီဒီယာ (၁၅) ခုဖြင့် ဖွဲ့စည်းထားရှိသည့် BNI အား အဆိုပါဆုချီးမြှင့်ရန် ငြိမ်းချမ်းရေးနှင့် ယဥ်ကျေးမှုအခြေပြုဖောင်ဒေးရှင်းဖြစ်သည့် ဟီရိုရှီးမားဖောင်ဒေးရှင်းက ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားသည်။
ထိုသို့ဆုချီးမြှင့်ခြင်းခံရခြင်းနှင့်ပတ်သက်၍ BNI ၏ စီမံခန့်ခွဲမှုဒါရိုက်တာ မတင်တင်ညိုက “ဒါဟာ တိုင်းရင်းသား၊ဒေသခံမီဒီယာတွေကို နိုင်ငံတကာရဲ့ဇာစ်မြစ်တွေမှာ တစ်စုံတစ်ရာ အသိအမှတ်ပြုခံလာရတယ်ဆိုတဲ့ ပြယုဒ်တစ်ခုပါ။ နိုင်ငံတကာက တိုင်းရင်းသားမီဒီယာတွေရဲ့ အရေးကြီးတဲ့အခန်းကကို စပြီးတော့ လက်ခံလာတာက တန်းတူညီတူတဲ့အခွင့်အရေးတွေမရှိခဲ့တဲ့ တိုင်းရင်းသားတွေအတွက် ထုတ်ဖော်ပြောဆိုမှုတွေ ပိုပြီးရှိလာနိုင်တာကိုလည်း သက်ရောက်တဲ့အတွက် ကျမဝမ်းသာမိပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အဆိုပါဆုသည် BNI အနေဖြင့် ပထမဦးဆုံးရရှိသောဆုတစ်ခုဖြစ်သလို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား၊ဒေသခံမီဒီယာများတွင် လုံခြုံမှုကင်းမဲ့ခြင်းနှင့် စိန်ခေါ်မှုများစွာရှိသောအခြေအနေအရပ်ရပ်၌ စွန့်လွှတ်စွန့်စား၍ သတင်းများအား စဥ်ဆက်မပြတ်တင်ဆက်ပေးနေခြင်း၏ ရလဒ်တစ်ခုဟုလည်း ဆိုနိုင်ကြောင်း မတင်တင်ညိုက ဆက်ပြောသည်။
“ဒီဆုက ငြိမ်းချမ်းရေးနဲ့လူမျိုးစုငယ်တွေရဲ့အရေးကိစ္စတွေ၊ လူမျိုးစုငယ်တွေအတွက် အသံတွေကိုဖော်ထုတ်ပေးတဲ့အတွက်ကြောင့် တဖက်ကကြည့်ရင် တိုင်းရင်းသားလူမျိုးတွေရဲ့ရိုးရာယဥ်ကျေးမှုနဲ့ အရေးကြီးတဲ့အခန်းကတွေကို စဥ်ဆက်မပြတ်ဖော်ထုတ်ပေးတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်ခွဲခြားဆက်ဆံတာတွေကို ဖော်ထုတ်ပေးတာကို အသိမှတ်ပြုတဲ့အနေနဲ့ ဒီဆုကိုပေးတာလို့ ကျမတို့ကနားလည်ထားပါတယ်။” ဟု BNI ၏ စီမံခန့်ခွဲမှုဒါရိုက်တာက ရှင်းပြပြောဆိုသည်။
ဖောင်ဒေးရှင်းအနေဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ အတွက် BNI ကပေးအပ်ထားသည့် ခိုင်ခန့်သောကတိကဝတ်များ၊ နှစ်နှင့်ချီသော ငြိမ်းချမ်းရေးကြိုးပမ်းတည်ဆောက်ခြင်းများအတွက် အဆိုပါဆုကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
ထို့အပြင် ထုတ်ပြန်ချက်တွင် BNI ၏ စီမံခန့်ခွဲမှုဒါရိုက်တာ မတင်တင်ညိုသည်လည်း မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့်တရားမျှမှုဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းများအား လုပ်ဖော်ကိုင်ဖက်များနှင့်လက်တွဲကာ ဆယ်စုနှစ်ချီကြာ လုပ်ဆောင်ခဲ့သော လူ့အခွင့်အရေး၊ အမျိုးသမီးအရေးထုတ်ဖော်ပြောကြားသည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
၁၉၈၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ဟီရိုရှီးမား ဖောင်ဒေးရှင်းမှ ဆုများအား ပဋိပက္ခဒေသများတွင် တွေ့ဆုံဆွေးနွေးမှု၊ နားလည်မှုနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရန် ယဥ်ကျေးမှုနယ်ပယ်အတွင်း ပါဝင်လုပ်ဆောင်နေကြသော အမျိုးသား၊အမျိုးသမီးများအား ပေးအပ်ချီးမြှင့်လေ့ရှိပြီး ၂၀၁၈ နှင့် ၂၀၂၀ ခုနှစ်အတွက် ဆုများကို အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးတွင်ပါဝင်ခဲ့သော တောင်အာဖရိကနိုင်ငံသား မိုက်ခ်ဗန်ဂရန် နှင့် Bi-Communal Choir for peace in Cyprus တို့အားလည်း အသီးသီး ချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ BNI တွင် ကေအိုင်စီ-ကရင်သတင်းဌာန အပါအဝင် တိုင်းရင်းသားနှင့် ဒေသခံမီဒီယာအဖွဲ့ (၁၅) ဖွဲ့ဖြင့် ဖွဲ့စည်းထားရှိပြီး လွတ်လပ်သည့်စာနယ်ဇင်းကျင့်ဝတ်ကို ကိုင်စွဲကာ သတင်းထုတ်ဖော်ခွင့်ကိုမြှင့်တင်ခြင်းအပြင် တိုင်းရင်းသားဒေသအထူးပြုသည့် မြန်မာနိုင်ငံအတွင်းရှိဖြစ်ရပ်များအား ပြည်တွင်းပြည်ပမှသိရှိနိုင်ရန် ဘက်စုံသတင်းမီဒီယာလုပ်ငန်းကို ဦးတည်လုပ်ဆောင်ခြင်းဖြင့် ရပ်တည်လျက်ရှိကြောင်း သိရသည်။
နန့်ဆန်းထီ (KIC) – ပေးပို့သည်။