ဧရာဝတီတိုင်းတွင် ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးနေသော်လည်း ပူးပေါင်းပါဝင်သူနည်းပါး

By MPM 13 ဇူလိုင်, 2026 👁 55

အာရက္ခတပ်တော် (AA) ထိုးစစ်ကို ခုခံကာကွယ်ရန်အတွက် အာဏာသိမ်းစစ်တပ်မှ ဧရာဝတီတိုင်းတွင် ပျူစောထီးများနှင့် ပြည်သူ့စစ်များကိုပါ လက်နက်တပ်ဆင်ပေးနေသော်လည်း ပူးပေါင်းပါဝင်သူအလွန်နည်းပါးကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်း လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ အသုပ်၊ ပုသိမ်၊ သာပေါင်းဒေသများတွင် ပြည်သူ့စစ်များအား လက်နက်တပ်ဆင်ပေးရန် စည်းရုံးလှုပ်ရှားနေသည်မှာ အချိန်ကာလတစ်ခုအထိရှိပြီဖြစ်သော်လည်း  အားမကောင်းဘဲ လူဦးရေလည်း နည်းပါးကြောင်း သိရသည်။

ရေကြည်၊ အသုပ်၊ ပုသိမ်၊ သာပေါင်းဒေသများသို့ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ အာဏာသိမ်းစစ်တပ်သည် စစ်မှုထမ်းစုဆောင်းခြင်းကိုသာ အဓိကလုပ်ဆောင်နေပြီး ပြည်သူ့စစ်များမှာ ဟန်ပြဖြစ်ကာသူတို့၏ ပူးပေါင်းမှုဖြင့် စစ်မှုထမ်းတပ်သားသစ်များကိုသာ ဖမ်းဆီးနေကြောင်း ပြောဆိုခဲ့သည်။

ပုသိမ်ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က “ဧရာဝတီတိုင်းမှာ ပြည်သူ့စစ်ရှိတယ်။ ပျူစောထီးတော့ သိပ်မကြားဘူး။ ပြည်သူ့စစ်တွေက သူတို့စစ်မတိုက်ချင်လို့ စစ်မှုထမ်းတပ်သားသစ်စုဆောင်တဲ့အခါ စစ်တပ်ကို ကူညီနေတာလေ။ လက်နက်ပေးတာလဲ မယူချင်လို့ ရှောင်နေတဲ့သူတွေရှိတယ်။ လက်နက်ကပေးမယ်။ ပြောနေတာကြာပြီ။ လက်ခံတဲ့သူမရှိလို့ အခု အရောင်ပြပွဲလုပ်တာ။ အေအေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာ ပြည်သူ့စစ်မှုထမ်းသစ်တွေရော တပ်သားဟောင်းတွေ ဗိုလ်တွေ ဒီလောက် ကျဆုံးနေတာကိုမြင်နေရတဲ့ ပြည်သူ့စစ်တွေက လက်နက်ယူပြီး တိုက်ပွဲဝင်ချင်တယ်ဆိုတာ ဖြစ်နိုင်သလား။ လက်နက်လိုချင်ရင်ပေးမယ်။ ပြည်သူ့စစ်စာရင်းပေးဆိုပြီး ဧရာဝတီတိုင်း လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ အသုပ်၊ ပုသိမ်၊ သာပေါင်းမြို့တွေမှာ ပြောနေတာ ၂ နှစ်ရှိပြီ အခုမှ လက်နက်တပ်ဆင်ပေးတယ်လို့ စစ်တပ်က ဝါဒဖြန့်တာပါ။ ပြည်သူ့စစ်ထဲက လက်နက်မကိုင်ခင်ကတည်းက ထွက်ပြေးသူတစ်ချို့ ဧရာဝတီမှာရှိခဲ့တယ်” ဟုပြောသည်။

ဇူလိုင် ၈ ရက်၊ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ဧရာဝတီခန်းမ၌ ရွှေသောင်ယံမြို့နယ်မြေအတွင်းရှိ ကျေးရွာများမှ အသစ်ဖွဲ့စည်းထားသော ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြသည်။‎

အဆိုပါအခမ်းအနားသို့ နတခတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ခိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကာ စစ်ဝတ်ပစ္စည်းများနှင့် လက်နက်များထုတ်ပေးခဲ့ကြောင်း သိရသည်။

‎
ရေကြည်ဒေသခံတစ်ဦးက “အရင် ပြည်သူ့စစ်တွေ ဖရိုဖရဲဖြစ်နေလို့ အခု ဌာနေပြည်သူ့စစ်တွေပြန်ဖွဲ့နေတာလေ။ မဝင်ချင်လို့ ရှောင်နေကြတာအများကြီး။ သူတို့ကို စစ်တိုက်ခိုင်းမှာ ကြောက်ကြတယ်။ သဘောတရားချင်းကတော့ စစ်မှုထမ်းတပ်သားသစ်နဲ့မတူဘူး။ ဒါပေမယ့် ဧရာဝတီမှာ စစ်အင်အားပြုန်းတီးတာများနေတော့ အခု ပြည်သူ့စစ်ပါတိုက်ခိုင်းတော့မယ်၊ အခု လက်နက်တပ်ပေးတာ ရွှေသောင်ယံမြို့နယ်တစ်ခုထဲက မဟုတ်ဘူး။ နောက် မြို့နယ်တွေကလဲ တက်ရတာ၊ လေးဆယ်ကျော်လို့ သိရတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းတွင် အင်အားပြုန်းတီးကာ စစ်ရှုံးနေပြီး စစ်သားအင်အား လိုအပ်ချက်‌ရှိနေသည့်အတွက် အာဏာသိမ်းစစ်တပ်မှ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်မြေအတွင်းရှိ ပြည်သူ့စစ်များနှင့် တခြား မြို့နယ်တချို့မှ ပြည်သူစစ်များကို လက်နက်များတပ်ဆင်ပေးလာနေခြင်းဖြစ်သော်လည်း အများစုမှာ လက်နက်မကိုင်ချင်ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) အပါအဝင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်စခန်းကုန်းများကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းယူနေသည်။

‎

လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ သာပေါင်း၊ ပုသိမ်-မုံရွာလမ်းတွင် စစ်မျက်နှာဖွင့်ထားရပြီး နယ်မြေအနှံ့အပြား၌ စစ်ရှုံးနိမ့်မှုများနှင့်ရင်ဆိုင်နေရကာ အထူးသဖြင့် ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့ရှိ စစ်စခန်းများကို ဆက်တိုက် လက်လွှတ်ဆုံးရှုံးနေရသည်။

စခန်းများပြန်လည်ရရှိရေးနှင့် နယ်မြေစိုးမိုးရေးအတွက် ရွေးတုအစိုးရစစ်တပ်သည် အဓမ္မစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းသို့ပို့လွှတ်နေသော်လည်း အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လူအင်အားအမြောက်အမြား ပြုန်းတီးနေရသည့်အပြင် လက်နက်ခဲယမ်းအမြောက်အမြားကိုပါ ထပ်မံဆုံးရှုံးနေရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ရိုးမတောင်ခြေတလျှောက်စခန်းများ၊ ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ တပ်ရင်း။ ပုသိမ် – မုံရွာ ကားလမ်းမပေါ်ရှိ တပ်စခန်းများသို့ အခုရက်ပိုင်း အင်အားဖြည့်တင်းလျက်ရှိကာ တပ်မ ၆၆ ကို အင်အားသစ်အဖြစ်ဖြည့်တင်းထားသည်ဟု သိရသည်။

နိရဉ္စရာ