အိန္ဒိယ – မြန်မာနယ်စပ်၊ အရူနာချာပရာဒေ့ရှ်ပြည်နယ်၊ နမ်ပေါင်နယ်လားအနီးတွင် အာသံရိုင်ဖယ်စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့အတွင်း ဒရုန်းဖြင့်ဗုံးကြဲခံရပြီး ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
အရူနာချာပရာဒေ့ရှ်ပြည်နယ်၊ နယ်ပေါင်နယ်လားအနီး နယ်စပ်ခြံစည်းရိုး လုံခြုံရေးအတွက် ကင်းလှည့်နေသည့် အမှတ် (၂၁) အာသံရိုင်ဖယ်တပ်ဖွဲ့ စက်တင်ဘာ၂၉ ရက်နေ့က တိုက်ခိုက်ခံခဲ့ရသည်။
ယင်းနောက် လဟယ်မြို့နယ်၊ ကာမွေလောရီအုပ်စု၊ ကာမွေလိုက်ခေါ်ကျေးရွာတွင် ယမန်နေ့ (အောက်တိုဘာ ၃ ရက်) နံနက် ၁ နာရီအချိန်တွင် ဒရုန်းနှစ်စီးဖြင့် ဗုံးလေးလုံး တိုက်ခိုက်ခံရပြီး ငါးတန်းကျောင်းသူ မိန်းကလေးနှင့် အမျိုးသားတဦး ဒဏ်ရာရာကာ လူနေအိမ် တလုံးပျက်စီးခဲ့ခြင်းဖြစ်သည်။
“အာသံရိုင်ဖယ်တပ် ပစ်တဲ့အဖွဲ့ရဲ့ ဗိုလ်မှူးကြီးအိမ်ကို ဗုံးကြဲတာလို့ သိရတယ်၊ အိန္ဒိယစစ်တပ်ဒရုန်းတွေ အမြဲတန်းမြင်နေရတော့ အထူးအဆန်းတော့ မဟုတ်တော့ဘူး၊ သူတို့လုံခြုံရေးအတွက် နယ်စပ်က ရွာတွေအတွင်းမှာ အမြဲတွေ့နေရတာ” ဟု နာဂဒေသအခြေအနေကို စောင့်ကြည့်နေသည့် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
အာသံရိုင်ဖယ်တပ်ကို တော်လှန်ရေးပြည်သူ့တပ်ဦး (RPF) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သည်တဦး ရှင်းလင်းနိုင်ခဲ့ကာ အေကေ (AK) ချေမှုန်းရေးရိုင်ဖယ်တလက် သိမ်းဆည်းရမိခဲ့ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ – ယုန်းအောင် (NSCN/GPRN- YA) အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယင်းနောက် အိန္ဒိယစစ်တပ်က လဟယ်မြို့နယ်အတွင်းရှိ NSCN/GPRN- YA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး အခမ်း (Col.Akham) နေအိမ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဗိုလ်မှူးကြီးမှာ နေအိမ်တွင်မရှိဘဲ အိမ်သားများထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာနေထိုင်သော နာဂလူမျိုးနှင့် နာဂပြည်ကို ကျူးကျော်၍ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သော အိန္ဒိယစစ်တပ်ကို ပြင်းထန်စွာရှုံ့ချကြောင်း NSCN/GPRN- YA အဖွဲ့က အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
“ခုခံနိုင်စွမ်းမရှိသောအရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် လက်စားချေရေး ကိရိယာများအဖြစ် အသုံးပြုခြင်းသည် လုံးဝသော ကိုယ်ကျင့်တရားပျက်ပြားမှုနှင့် အိန္ဒိယစစ်တပ်၏ ကျင့်ဝတ်သိက္ခာ ယိုယွင်းပျက်စီးမှုကို ဖော်ထုတ်ပြသပြီး ၎င်းသည် ငြင်းမရနိုင်သော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု နှင့် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ထင်ရှားစွာချိုးဖောက်မှုဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အိန္ဒိယအေဂျင်စီများအား ထောက်လှမ်းရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အကူအညီများပေးအပ်နေသော နာဂအဖွဲ့များနှင့် တဦးချင်းစီအား သိရှိပြီးဖြစ်ပြီး ၎င်းတို့လုပ်ရပ်များအတွက် အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း သတိပေးထားသည်။
အိန္ဒိယစစ်တပ်သည် နယ်စပ်တွင် တိုက်ခိုက်ခံရပြီးလေ့ရှိတိုင်း မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများလုပ်လေ့ရှိသဖြင့် စက်တင်ဘာ၂၉ ရက်နေ့ ပစ်ခတ်မှုအပြီး လုံခြုံရေးသတိထားကြရန် ဒေသခံများအကြား သတိပေးမှုများထွက်ပေါ်ပြီးနောက် ယခုပြန်လည်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
အိန္ဒိယစစ်တပ်သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နယ်၊ ကျဲသရောက်ရွာအနီးကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်းကောင်း၊ လဟယ်မြို့နယ်၊ ကာမွေလောရီကို ၂၀၂၅ ခု အောက်တိုဘာ၂၀ ရက်နေ့နှင့် ၂၀၂၅ ခု ဇွန်လနှင့် ဩဂုတ်လာများတွင် ပန်ဆောင်မြို့နယ်၊ နာယန်းကျေးရွာနှင့် လဟယ်မြို့နယ်များအတွင်းသို့ ဒရုန်းဖြင့် ဗုံးများကြဲချခဲ့ကြောင်း ညီညွတ်သော တန်ရှန်းနာဂကောင်စီက ထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း လူထိခိုက်သေဆုံးမှုနှင့် အဆောက်အဦပျက်စီးမှုများလည်းရှိကြောင်း သိရသည်။
အိန္ဒိယနှင့် မြန်မာသည် ၁,၆၄၃ ကီလိုမီတာ နယ်စပ်ထိစပ်နေပြီး လုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် ရွှေ့ပြောင်းအခြေချနေထိုင်မှုများ ကာကွယ်ထိန်းချုပ်ရန်အတွက် နယ်စပ်ခြံစည်းရိုး ကာရံလျက်ရှိသည်။
အဆိုပါ နယ်ခြားခြံစည်းရိုးခတ်မှုသည် နှစ်ဖက်နိုင်ငံနေထိုင်သည့် ဌာနေလူမျိုးများ၏ အခွင့်အရေးများကို ထိခိုက်စေနိုင်သဖြင့် နာဂလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက လက်မခံ ကန့်ကွက်နေကြသည်။
နာဂလူမျိုးများသည် အိန္ဒိယနိုင်ငံ၊ နာဂလဲန်း၊ မဏိပူရ၊ အာသံ၊ အရူနာချာပရောဒေ့ရှ်ပြည်နယ်များနှင့် မြန်မာနိုင်ငံ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော လဟယ်၊ လေရှီး၊ နန်းယွန်းနှင့် ခန္တီးမြို့နယ်များတွင် နေထိုင်ကြသည်။
မဇ္ဈိမ