မြန်မာနိုင်ငံမှာ ဒီဇင်ဘာလက စတင်ပြီး အာဏာသိမ်းစစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု ဒါမှမဟုတ် ယုံကြည်စိတ်ချရမှုရှိမှာမဟုတ်ဘူးလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပြီး ဖမ်းဆီးထားတဲ့ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
နိုဘယ် ငြိမ်းချမ်းရေးဆုရှင်ရဲ့ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ထုတ်ပယ်ပြီး ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားနေပါတယ်။
စစ်ခေါင်းဆောင်တွေက သူတို့ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြန်လည် ရင်ကြားစေ့ရေး အခွင့်အလမ်း တစ်ခု ဖြစ်တယ်လို့ အမွှန်းတင် ပြောဆိုနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရော သူ့ရဲ့ ဖျက်သိမ်းခံထားရတဲ့ NLD ပါတီရော ရွေးကောက်ပွဲ ဝင်ခွင့်မရ ဖြစ်နေပါတယ်။
ရွေးကောက်ပွဲတွေကို စစ်တပ်နဲ့ သူတို့ရဲ့ မဟာမိတ် လက်နက်ကိုင်တွေ ထိန်းချုပ်မထားနိုင်တဲ့ ဒေသတွေမှာ ကျင်းပမှာ မဟုတ်ဘဲ ဒီရွေးကောက်ပွဲဟာ စစ်တပ် ဆက်လက်အုပ်ချုပ်ဖို့ ကျင်းပတဲ့ အထုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။
မြန်မာ ရွေးကောက်ပွဲကို ကျွန်တော်တို့က လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိထားပါတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအမ်ကက်ကွေးက နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြောလိုက်တာပါ။
မိမိတို့အနေနဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုလို့ရမယ့် အနေအထားမှာမရှိဘူးလို့ ခံစားနေရပေမယ့် အဲဒီရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံ အုပ်တစ်ချပ် ဖြစ်နိုင်တယ်လို့ န်ကြီးဆီဟာဆက်က ပြောပါတယ်။
၂၀၁၀ ပြည့်နှစ်တုန်းက ပြီးပြည့်စုံတယ်လို့ မဆိုနိုင်တဲ့ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်သိန်းစိန် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှုနဲ့အတူ နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့တဲ့ အခြေအနေကို ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြ ပြောဆိုထားပါတယ်။
ဒီပြီးပြည့်စုံမှုမရှိတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်ဖို့နဲ့ ဒီမိုကရေစီပြန်ရဖို့ ကောင်းမွန်တဲ့ အခွင့်အလမ်း တစ်ခု ဖြစ်ကောင်းဖြစ်လာမှာပါလို့ သူက ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကနေ စီးပွားရေးအရ တိမ်းရှောင်လာသူတွေကိုရော စစ်ဘေးရှောင်တွေကိုရော လက်ခံထားရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးဖို့ နိုင်ငံတကာက အကြိမ်ကြိမ် တောင်းဆိုထားပေမယ့် စစ်ခေါင်းဆောင်တွေက ပယ်ချထားပါတယ်။
သံလွင်တိုင်းမ်