အာဏာသိမ်းကာလ KNU စာသင်ကျောင်း ၆၀ နီးပါး တိုက်ခိုက်ဖျက်ဆီးခံခဲ့ရ

By MPM 8 အောက်တိုဘာ, 2026 👁 60

စစ်တပ် အာဏာသိမ်းတဲ့ ၅ နှစ်ကျော်ကာလအတွင်း လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စာသင်ကျောင်းပေါင်း ၆၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၄၀ ကျော် အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် စာသင်ကျောင်းပေါင်း ၅၉ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၄၁ ဦး သေဆုံးသွားခဲ့ရကာ ၉၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဆိုပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဂျီနီဗာကွန်ဗန်းရှင်းတို့ကို ချိုးဖောက်ရုံသာမက ကရင်လူမျိုးတို့ရဲ့ ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်က စစ်အုပ်စုဟာ KNU သထုံခရိုင် ဘီးလင်းမြို့နယ်မှာရှိတဲ့ ကျသောင်းဆိပ်ကျေးရွာအုပ်စုထဲကို ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းအဆောက်အဦး ၅ လုံးနဲ့ ပြည်သူလူထုပိုင်နေအိမ် ၃၈ လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ ဂျီနီဗာကွန်ဗန်းရှင်းရဲ့ အဓိကစာချုပ် ၄ ခုစလုံးကို လက်မှတ်ရေးထိုးခဲ့ပေမယ့် မြန်မာစစ်တပ်ဟာ စာသင်ကျောင်း ဘာသာရေးအဆောက်အအုံနဲ့ ပြည်သူလူထုနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ်ကျူးလွန်လျက်ရှိတယ်လို့ KNU ဗဟိုက ဆိုပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် မင်းအောင်လှိုင်အာဏာသိမ်းမှုအပြီး မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု သာသနိကအဆောက်အအုံ ဆေးရုံဆေးပေးခန်းနဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ကော်သူးလေဒေသအတွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ပညာရေး တိုးတက်မြင့်မားလာအောင် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာပဲ ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

သံလွင်တိုင်းမ်