အာဏာသိမ်းကာလအတွင်း အမျိုးသမီး ၂၀၀၀ နီးပါး သတ်ဖြတ်ခံရ

By MPM 3 ဇန်နဝါရီ, 2026 👁

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ (၅) နှစ်နီးပါးကာလအတွင်း စစ်ကော်မရှင်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အမျိုးသမီး ၂၀၀၀ နီးပါးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတိုးမြှင့်လာတာနဲ့အတူ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် မတရားဖမ်းဆီးခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ သတ်ဖြတ်ခံရတာတွေကြောင့် လွတ်လပ်မှုနဲ့ အသက်အန္တရာယ် ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှု စတင်ချိန်မှ ၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနှံ့မှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆိုးရွားပြင်းထန်ခဲ့ပြီး အထူးသဖြင့် အကာအကွယ်နည်းပါးတဲ့ ကလေးသူတွေနဲ့ အမျိုးသမီးတွေမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီး ၁၉၈၆ ဦးကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၃၇၃ ဦးပါဝင်သလို သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံအရေးအရ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၆၂၂၂ ဦး ရှိပြီး လက်ရှိမှာ တိုက်ပွဲပြင်းထန်တဲ့ နေရာအပြင် တိုက်ပွဲမဖြစ်ပွားတဲ့ ဒေသတွေက အမျိုးသမီးတွေပါ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး မတရားစွပ်စွဲချက်တွေနဲ့ အချိန်မရွေးဖမ်းဆီးခံနေရတယ်လို့ AAPP က သတိပေးထားပါတယ်။

အမျိုးသမီးတွေအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် CEDAW ကို မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ထိုးထားပေမယ့် အာဏာသိမ်းစစ်အုပ်စုက ကျား-မ အခြေပြု ညှဉ်းပန်းနှိပ်စက်မှုတွေကို လက်နက်သဖွယ် အသုံးပြုနေတာဟာ နွေဦးတော်လှန်ရေးကာလ မတိုင်ခင်ကတည်းက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအပေါ် လူမဆန်စွာ အကြမ်းဖက်တာအပါအဝင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေပြီး ဆိုးရွားရက်စက်တဲ့ ရာဇဝတ်မှုတွေကို ချိုးဖောက်မှုနေတဲ့ စစ်အုပ်စုကို အရေးယူမှုနဲ့ တုံပြန်ဆောင်ရွက်ဖို့ အရေးကြီးလိုအပ်နေတယ်လို့ AAPP က တိုက်တွန်းထားပါတယ်။

သံလွင်တိုင်းမ်