အထူးတိုင်းစစ်ဌာနကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဖွဲ့စည်းလိုက်ပြီး စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသွားမယ်လို့ ဩဂုတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီအထူးတိုင်းစစ်ဌာနထဲမှာ အမှတ် (၁) စစ်ဆင်ရေးနယ်မြေထဲက တပ်ရင်း၊ ဗျူဟာတွေကို စနစ်တကျ ပြန်လည်ဖွဲ့စည်းပြီး တာဝန်ပေးလိုက်တာလို့ ဆိုပါတယ်။
အထူးတိုင်းစစ်ဌာနအနေဖြင့် စစ်ဆင်ရေးအရှိန်အဟုန်မြင့် လုပ်ဆောင်သွားမှာဖြစ်သလို တိုင်းစစ်ဌာနအောက်မှာရှိတဲ့ နည်းဗျူဟာများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေနဲ့အတူ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ (LPDFs) တို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ MOD က ကြေညာပါတယ်။
NUG ရဲ့ အမှတ် (၁) စစ်ဒေသထဲမှာ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းမြောက်ဒေသတွေပါဝင်နေပြီး လက်ရှိ စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေလည်းဖြစ်ပါတယ်။
NUG မှာ လက်ရှိ တိုင်းစစ်ဒေသ (၃) ခုရှိထားပြီး အမှတ် ၁ စစ်ဒေသမှာတော့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းမြောက်တို့ ပါဝင်နေကာ အမှတ် (၂) စစ်ဒေသမှာ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းများနှင့် ကရင်၊ မွန်ပြည်နယ်တို့ ပါဝင်ပါတယ်။
အမှတ် ၃ စစ်ဒေသထဲမှာတော့ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်း တပ်အချို့ ဝင်ရောက်လှုပ်ရှားတဲ့ ဒေသတွေကို သတ်မှတ်ထားပါတယ်။
စစ်ဒေသသုံးခုမှာ တပ်ရင်းပေါင်း ၃၀၀ ခန့်အထိ စုဖွဲ့ထားပြီး စစ်ဒေသအသီးသီးက PDF တပ်ရင်းတွေမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) များနှင့် ပူးတွဲကာ ကွပ်ကဲမှုရယူ လှုပ်ရှားကြတာလည်းဖြစ်ပါတယ်။
NUG ရဲ့ အချက်အလက်များအရ တိုင်းနှင့်ပြည်နယ် ၁၁ ခု၊ ခရိုင် ၅၂ ခုရှိ မြို့နယ် ၂၅၀ ကျော်တွင် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) တွေကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာတော့ အထူးလှုပ်ရှားတပ်ရင်း သုံးရင်းရှိပြီး စစ်ဆင်ရေးတွေကို လှုပ်ရှားနေသလို စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးနှင့် အင်းတော်မြို့ မြို့သိမ်းတိုက်ပွဲတွေဟာ အထူးလှုပ်ရှားတပ်ရင်းတွေပါဝင်တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။
ရှမ်းနီအသံ