အမ်းမြို့တွင်  စစ်ကောင်စီတပ်ပိုင်ဆိုင်သည့် နေအိမ်နှင့်မြေနေရာများကို AA ချိတ်ပိတ်

By MPM 14 မေ, 2025 👁

ရခိုင်ပြည်၊ အမ်းမြို့တွင် စစ်ကောင်စီအရာရှိကြီးများနှင့် စစ်သားများပိုင်ဆိုင်သည့် နေအိမ်များနှင့် မြေတချို့ကို အာရက္ခတပ်တော် (AA) ချိပ်ပိတ်လိုက်သည်ဟု မြေပြင်သတင်းရင်းမြစ်တို့ထံက သတင်းရရှိသည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ တပ်ရင်းမှူး၊တပ်မမှူး အရာရှိများနေထိုင်ခဲ့သည့် နေအိမ်များနှင့်  ပိုင်ဆိုင်သည့် မြေကွက်များကို အာရက္ခတပ်တော် (AA) က ချိတ်ပိတ်သိမ်းဆည်းထားလိုက်ပြီး လုပ်ငန်းရှင် ခရိုနီတချို့၏နေအိမ်များကို ချိပ်ပိတ်ရန် စစ်ဆေးမှုများရှိနေသည်ဟု အမ်းဒေသခံ (ULA/AA) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲပြီးကတည်းက စစ်ကောင်စီတပ်က ပိုင်ဆိုင်ခဲ့တဲ့နေအိမ်တွေ၊ မြေကွက်တွေကို စာရင်းကောက်တယ်။ တိုင်းအဆင့်၊ တပ်ရင်းအဆင့် ဗိုလ်မှူး၊ ဗိုလ်ကြီးတွေ ပိုင်ဆိုင်တဲ့နေအိမ်တွေကို ချိပ်ပိတ်တယ်။ စုစုပေါင်း ၂၀ ကျော်လောက်ရှိမယ်။ စစ်တပ်ကပိုင်တဲ့ စိုက်ခင်းတွေ လောလောဆယ် အဲ့လိုနေရာတွေကိုတော့ AA ဘက်က ချိပ်ပိတ်ထားတာရှိတယ်။ ဖြတ်သန်းသွားလာခွင့်မပြု ခြံတံခါးသော့ခတ်ပြီးပိတ်ထားပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှအရာရှိများ မြို့ပေါ်တွင်ဝယ်ယူနေထိုင်ခဲ့သည့် နေအိမ်များကိုသာ ချိပ်ပိတ် ထားပြီး စစ်ကောင်စီနှင့်ပက်သက်သည့်  ခရိုနီများ၏ နေအိမ်များကို စာရင်းကောက်ယူစီစစ်နေဆဲဟု အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“တချို့ စစ်ကောင်စီအကြီးပိုင်းတွေက မြို့ပေါ်မှာ အိမ်ဝယ်တယ်။ ဇနီး၊ သားသမီးတွေကို ထားတာမျိုး ရှိတယ်လေ။ အဲ့လိုမျိုးအိမ်တွေကိုတော့ ပိတ်ထားတယ်။ ခရိုနီတွေနဲ့ နေအိမ်တွေကိုတော့ ချိပ်ပိတ်တာ မရှိသေးဘူး။  သေသေချာချာ စာရင်းကောက်စီစစ်နေတုန်းပဲ ရှိသေးတယ်” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ရင်းနှင့် စစ်ကောင်စီပိုင်ဆိုင်ခဲ့သည့် မြေနေရာစိုက်ခင်းများကို ပိတ်ထားသည်မှာ လအတန်ငယ်ကြာနေပြီဖြစ်ပြီး မိုင်းအန္တရာယ်ကြောင့် ဖြတ်သန်းသွားလာခွင့်မပြုဟု သိရသည်။

အဓိက အဲ့ဒီနေရာတွေကို ပိတ်ထားတာက ဒေသခံတွေ အဲ့ဒီတပ်ရင်းတွေအနီးက စိုက်ခင်းတွေမှာ ဟင်းသွားရှာရင်  မိုင်းနင်းမိမှာစိုးလို့ပါဟု ဒေသခံတို့က ပြောသည်။

အမ်းမြို့နယ်တစ်ခုလုံးတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခအပါအဝင် တပ်ရင်း၊ တပ်စခန်း 
(၁၃) ခုထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီ ဝယ်ယူပိုင်ဆိုင်ခဲ့သည့် နေရာများစွာရှိကြောင်း ဒေသခံများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။