အင်းတော်မြို့နယ် NUG စိုးမိုးနယ်မြေအတွင်းရှိ မဲဇာဈေးနှင့် မော်လူးဈေးတို့တွင် သတ်မှတ်အချိန်အတွင်း အရောင်းအဝယ်ပြုလုပ်ကြရန် အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါစျေးများတွင် မနက် ၅ နာရီမှသာ စတင်ဖွင့်လှစ်ရောင်းချကြရန်နှင့် မြို့ရွာအတွင်းရှိ နေအိမ်၊ ဆိုင်ခန်းများနှင့် စားသောက်ဆိုင်များသည်လည်း ည ၈ နာရီမတိုင်မီ ပိတ်သိမ်းကြရန် အဆိုပါထုတ်ပြန်စာတွင် ဖော်ပြထားသည်။
အင်းတော်မြို့ NUG စိုးမိုးနယ်မြေအတွင်း NUG ၏ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းဆောင်တာများအား စစ်ကောင်စီနှင့် ပျူစောထီးများက နည်းလမ်းမျိုးစုံဖြင့် စိမ့်ဝင်သတင်းရယူနေမှုများ ရှိနေသဖြင့် စနစ်တကျ စီစစ်နိုင်ရန် ထိုသို့ ကန့်သတ်ရခြင်းဖြစ်ကြောင်းလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ထားသည့်အတိုင်း ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မလိုက်နာပါက ဒဏ်ကြေးပေးဆောင်စေခြင်းနှင့် အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သတ်ပြီး ဒေသတွင်းနေထိုင်သူတစ်ဦးက “လာဆော်ဩတာတွေ မရှိပါဘူး။ လောလောဆယ်တော့ ဘာမှမရှိဘူး” ဟု ပြောဆိုသည်။
အင်းတော်မြို့နယ်သည် စစ်ကောင်စီက မနက် ၆ နာရီမှ ည ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားသည် စစ်အုပ်ချုပ်ရေးအမိန့် မာရှယ်လော ထုတ်ပြန်ထားသည့် မြို့နယ်တစ်ခုဖြစ်သည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

