အင်းတော်မြို့ ထက်ဝက်နီးပါးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားပြီး တိုက်ပွဲများရပ်တန့်နေ

By MPM 20 စက်တင်ဘာ, 2024 👁

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ မြို့သိမ်းတိုက်ပွဲဆင်နွဲခဲ့သည်မှာ တစ်လကျော်ကြာမြင့်လာခဲ့ပြီး မြို့၏ ထက်ဝက်နီးပါးကို သိမ်းပိုက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောဆိုမှုများအရ မြို့၏ ထက်ဝက်ကျော်ကို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စစ်စခန်းကုန်းတစ်ခုတည်းသာ ကျန်ရှိတော့သည်ဟု ဆိုသည်။

အင်းတော်မြို့ရှိ မြို့မရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီစစ်စခန်းတချို့ သိမ်းပိုက်ရန်ကျန်ရှိသေးကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။

တိုက်ပွဲ၏ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက “လေယာဉ်ပစ်တာလောင်နေပြီး သုံးပုံနှစ်ပုံကုန်နေပြီ။ ထီးချိုင်လို ဖြစ်မှာပါ။ အခုလက်ရှိအခြေနေက တိုက်တုန်းပဲ။ ၈ ရက်နေကစပြီး ပြန်တိုက်တယ်လို့ပြောတယ်၊ ပြောပြီးတော့ကာ ညကြမှ သူပစ်ကိုယ်ပစ် ပစ်ကြတယ်” ဟု ဆိုသည်။

လက်ရှိတွင် တိုက်ပွဲပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းမရှိသော်လည်း နှစ်ဘက် စစ်ရေးတင်းမာမှုအခြေအနေနှင့် မကြာခဏ နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်ရှိနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

တိုက်ပွဲကြောင့် မြို့ပေါ်နှင့်အနီးရှိ ဒေသခံများသည် နန့်သဲကျေးရွာ၊ ကျောင်းကုန်းကျေးရွာအထိ စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး လက်ရှိအချိန်ထိလည်း တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။

အင်းတော်မြို့ခံတစ်ဦးက “စစ်ရှောင်တွေကလည်း နန့်သဲဘက်မှာလည်း အကုန်လုံးများတယ်လေ။ ရွေ့ခိုင်းတာ ငါတို့ကိုရွှေ့တာက ကျောင်းကုန်းအထိရွေ့ခိုင်းတာ။ အခုလည်း နန့်သဲဘက်ကို အကျော်မခံဘူးပြောတယ်။ ဆိုင်ကယ်လည်း သွားလို့မရဘူး၊ ကားလည်း သွားလို့မရဘူးလို့ပြောတယ်။ အခု နန့်သဲဘက်မှာ ကားတွေကို နောက်ပြန်ဆုတ်ခိုင်းတယ်လို့” ဟု ပြောသည်။

တစ်လနီးပါးရှိလာတဲ့ တိုက်ပွဲများကြောင့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများသည် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို အသုံးပြုလို့မရတော့ပေမယ့် PDF များဘက်က ဖွင့်ထားပေးသော ကွင်းလမ်းကနေ ဖြတ်သန်းသွားလာလို့ရကြောင်း ယာဉ်မောင်းများက ပြောသည်။

ဒေသခံများက အင်းတော်မြို့သိမ်းတိုက်ပွဲသည်လည်း ထီးချိုင့်မြို့သိမ်းတိုက်ပွဲလို တကြိမ်တည်းမသိမ်းနိုင်ဘဲ အကြိမ်ကြိမ် တိုက်ခိုက်မှုများဖြစ်ပွားပြီး ဒေသခံများ တစ်နှစ်ကျော်ကြာသည့်အထိ နေရပ်မပြန်နိုင်မည်ကိုလည်း စိုးရိမ်နေကြကြောင်း ပြောဆိုနေကြသည်။

ရှမ်းနီအသံ ပေးပို့သည်။