စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ တိုက်ပွဲပြီးနောက် တော်လှန်ရေးအင်အားစုများဘက်က ဖမ်းဆီးထားသူများတွင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများနှင့် သံသယရှိတချို့ပါ ဖမ်းဆီးခံရကြောင်းသိရသည်။
KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ အင်းတော်မြို့တိုက်ပွဲ တစ်လကျော်အတွင်း အင်းတော်မြို့ရဲမစခန်းအပါအဝင် မြို့တစ်ဝက်ခန့်အထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်က ဖမ်းဆီးထားသူများထဲတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းများ အဓိကပါဝင်ပြီး အင်းတော်မြို့မိမြို့ဖတချို့နှင့် အရပ်သားတချို့လည်းပါဝင်ကြောင်း အဖမ်းဆီးခံမိသားစုဝင်များက ပြောသည်။
ထိုသို့ဖမ်းဆီးခံရသူများသည် ကိုယ့်စရိတ်ကိုယ်စားပြီး အချုပ်ကျခံနေရတာဖြစ်သည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောဆိုသည်။
ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက “သူတို့ ဖမ်းတဲ့လူတွေကို ထမင်းမကျွေးဘူး။ ဖမ်းတဲ့သူတွေ ကိုယ့်ဟာနဲ့ကိုယ်ချက်စား။ ကိုယ့်ဟာနဲ့ကိုယ်ဝယ်မှာတဲ့။ ပြီးတော့လေ အစိုးရဝန်ထမ်းတွေနှင့် ဖမ်းထားတာ မကျွေးဘူး။ စစ်ရှောင်ကြတော့ ကျွေးတယ်” ပြောဆိုသည်။
တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်သူများသည် တော်လှန်ရေးအင်အားစုဘက်က ဆောက်ထားပေးသည့် စစ်ရှောင်စခန်းများတွင် သွားရောက်နေထိုင်ကြရပြီး သာမန်အရပ်သားများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားပြီး ဖုန်းနှင့် မှတ်ပုံတင်ကို သိမ်းဆည်းထားကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။
“စစ်ရှောင်စခန်းဆိုရင် ပြန်ထွက်လို့မရဘူး။ ဖုန်းသိမ်းတယ်။ မှတ်ပုံတင်သိမ်းတယ် သူတို့ စစ်ရှောင်စခန်းထဲမှာ။ အဲ့ဒီစခန်းထဲ ဝင်သွားလို့ရှိရင်လည်း သူတို့က ကျွေးတယ်။ ကျွေးပြီးလို့ရှိရင် သူတို့ ပြန်ချင်ရင် မပြန်ရဘူး။ ပြေးလို့လည်း မရတော့ဘူး။ ရှောင်လို့လည်း မရတော့ဘူး” ဟု စစ်ဘေးရှောင်မိသားစုဝင်တစ်ဦးက ဆိုသည်။
တော်လှန်ရေးအင်အားစုဘက်က ဆောက်လုပ်ပေးထားသည့် စစ်ရှောင်စခန်းများသည် အင်းတော်မြို့ အနီးဝန်းကျင်တွငိဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၏ တပ်စခန်းနှင့် အလွန်နီးကပ်နေလို့ စစ်ဘေးရှောင်များလည်း စိုးရိမ်မှုများရှိနေကြသည်ဟု ပြောဆိုနေကြသည်။
မန္တလေး-မြစ်ကြီးနားလမ်းမပေါ်ရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် အင်းတော်မြို့ကို တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်ကစတင်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွဲခဲ့ခြင်းဖြစ်ပြီး ယခုဆို တစ်လကျော် ကြာမြင့်လာပြီလည်းဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။