စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ် အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိုင်ချထားသည့် ဂျပန်လှိုဏ်ဂူနှင့် ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၁ ရက်နေ့ကစ၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင် ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းအဖွဲ့တိုက မြို့သိမ်းစစ်ဆင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့တွင်းရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို သိမ်းပိုက်ရရှိထားပြီ ဖြစ်သည်။
လက်ရှိတွင် အင်တော်မြို့၌ စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ အထိုင်ချထားသော (ဒေသအခေါ်) ဂျပန်လှိုဏ်ဂူနဲ့ ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အင်းတော်က ကချင်ပြည်နယ်ဝင်ပေါက်ကြီးလေ၊ သူတို့က လက်လွှတ်မှာ မဟုတ်ဘူး။ ပြီးတော့သူက လမ်းဆုံလေ။ ထီးချိုင့်ရော၊ ကသာရော၊ ဗန်းမောက်ရော၊ ကချင်ပြည်နယ်ရော၊ ရွှေဘိုဘက်လည်း ပြန်ဆင်းလို့ရတယ်။ အင်းတော်မြို့က ဗျူဟာတော်တော်ကျတယ်။ အင်းတော်တစ်မြို့ရရင် ဗန်းမောက်ရော၊ ကသာရောရပြီလို့ ပြောလို့ရတယ်၊ လွယ်သွားတာပေါ့” ဟု ပြောဆိုသည်။
အင်းတော်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး အောက်တိုဘာလ ဒုတိယအပတ်တွင် တိုက်ပွဲခေတ္တ ငြိမ်သက်သွားခဲ့သေးသည်။
သို့သော် နိုဝင်ဘာလ ၁ ရက်နေ့က စတင်၍ တိုက်ပွဲတဖန် ပြန်စတင်လာပြီး ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲအဖြစ် ဖော်ဆောင်နေတာကြောင့် နှစ်ဖက်တပ်အကြား နေ့စဉ်လိုလို တိုက်ပွဲပြင်းထန်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
တိုက်ပွဲ ၁၀ ရက်အတွင်း မြို့၏ ၆၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေးတပ်များဘက်က သိမ်းပိုက်ထားပြီး စစ်ကောင်စီ ဘက်ကလည်း လေကြောင်းအသုံးပြုကာ စစ်အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်နေသည်ဟု ဒေသခံတစ်ဦး ယခုလိုပြောသည်။
“ထိတွေ့မှုကတော့ နေ့တိုင်းပေါ့။ ဘယ်လိုပြောရမလဲ အပြန်အလှန် သေနတ်သံတွေ လက်နက်ကြီးသံတွေ ပစ်ခတ်တာ ရှိတာပေါ့။ လုံးဝ မရပ်ဘူး။ အသံကတော့နေ့တိုင်း ကြားနေရတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
မြစ်ကြီးနား – ရွှေဘို လမ်းမကြီးပေါ်ရှိ အင်းတော်မြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် အဆိုပါလမ်းပိုင်းကို KIA နှင့် PDF တို့က ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကနေ အကန့်အသတ်မရှိ ပိတ်ဆို့ထားတာကြောင့် ခရီးသွား လာသူတို့က မြို့ပတ်လမ်းကိုသာ အသုံးပြုနေရချိန် စစ်တပ်ဘက်က နိုဝင်ဘာလလဆန်းကစ၍ ထိုမြို့ပတ်လမ်းကိုပါ ပိတ်ပင်ထားလိုက်သည်ဟု သိရသည်။
တဖက်တွင်လည်း တိုက်ပွဲများကြောင့် အင်းတော်မြို့နယ်ရှိ ဒေသခံအများစုသည် ပြီးခဲ့သည့် သြဂုတ်လကတည်းက စစ်ဘေးတိမ်းရှောင်နေကြပြီး အင်းတော်မြို့နှင့်နီးသည့် ကျေးရွာများ၌ ခိုလှုံနေကြသည့် စစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အကူအညီလိုအပ်နေကြောင်း သိရသည်။
KNG ပေးပို့သည်။