6 ဇွန် 2026 /

See today's Peace Related News

Homeသတင်းအကျဉ်းစခန်းအချို့ ဗုံးကြဲခံရသဖြင့် စစ်သုံ့ပန်းနှင့် စစ်သုံ့ပန်းမိသားစုဝင် ၁၂ဝ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း AA ထုတ်ပြန်

အကျဉ်းစခန်းအချို့ ဗုံးကြဲခံရသဖြင့် စစ်သုံ့ပန်းနှင့် စစ်သုံ့ပန်းမိသားစုဝင် ၁၂ဝ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း AA ထုတ်ပြန်

ရခိုင်တွင် အာရက္ခတပ်တော် (AA) ၏ အကျဉ်းစခန်းအချို့ကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်သုံ့ပန်းနှင့် စစ်သုံ့ပန်းမိသားစုဝင် စုစုပေါင်း ၁၂ဝ ဦးထက်မနည်းသေဆုံးပြီး ၁၅ဝ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီဟု AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ AA ၏ စစ်သုံ့ပန်းများနှင့် စစ်သုံ့ပန်းမိသားစုဝင်များကိုထားရှိရာနေရာငါးခုအား စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း ယခုလို ထိခိုက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီ ၂၀ ရက်ကလည်း ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနောက်ဘက်ရှိ AA ၏ စစ်သုံ့ပန်းများထားရှိရာနေရာကို စစ်ကော်မရှင်လေတပ်၏ ဂျက်တိုက်လေယာဉ်နှစ်စီးက ပေါင် ၃၀၀ ဗုံး လေးလုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါအကျဉ်းစခန်းတာဝန်မှူးက “အဲလို ပစ်ချခဲ့တဲ့ ဗုံးလေးလုံးဟာ နေရာသုံးနေရာကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီနေရာတွေဟာ ဆေးခန်းမှာ နှစ်လုံး၊ စစ်သုံ့ပန်းထားတဲ့အဆောင်မှာ တစ်လုံး၊ စစ်သုံ့ပန်းမိသားစုဝင်ထားတဲ့အဆောင်မှာတစ်လုံး ကျပါတယ်” ဟု မီဒီယာများကို ပြောဆိုထားသည်။

ယင်းသို့ကျရောက်ပေါက်ကွဲမှုကြောင့် စစ်သုံ့ပန်းနှင့် စစ်သုံ့ပန်းမိသားစုဝင် ၂၁ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရသူများအနက် ငါးဦးခန့်မှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည်ဟုလည်း သိရသည်။ သေဆုံးသူနှင့် ဒဏ်ရာရသွားသူများတွင် ကလေးငယ်များနှင့် အမျိုးသမီးများလည်း ပါဝင်ခဲ့သည်။

ဗုံးကြဲခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရသွားသည့် စစ်သုံ့ပန်းတို့သည် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်း ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲနှင့် ကျောက်တော်မြို့နယ်ရှိ ၃၇၇ တပ်ရင်းနှင့် ၅၃၉ တပ်ရင်းတို့မှ အလံဖြူထောင်ပြီး AA ထံ အလင်းဝင်ရောက်လာခဲ့သူများဖြစ်ကြသည်ဟု AA က ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဟောင်း စစ်သုံ့ပန်းများကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခြင်းသည် တပ်မတော်သားအချင်းချင်း မလုပ်သင့်သည့်အရာဖြစ်သည်ဟု ဗုံးကြဲခံလိုက်ရမှုကြောင့် ကလေးသေဆုံးသွားသည့် စစ်သုံ့ပန်းမိသားစုဝင် မိခင်တစ်ဦးက မီဒီယာများကို ပြောဆိုထားသည်။

“ကျမတို့နဲ့ မဆိုင်ဘူးလို့တော့ ထင်ပါတယ်။ ဘာလို့ဆို ကျမတို့သည် ပါရမီဖြည့်ဖက်ဖြစ်တဲ့အတွက်။ တကယ်လို့ အဘတို့ လာပစ်မယ်ဆိုရင်တောင်မှ ကျမတို့ကို ငဲ့ညာပေးရမယ်။ ပြီးရင် ကျမတို့ရဲ့ လူမမယ်ကလေးလေးတွေကို ငဲ့ညာပေးရမယ်။ ကျမဆိုရင် ကလေး သေးသေးလေး ဆုံးသွားတယ်။ အဲဒီအတွက် အခု ဆုံးသွားတဲ့အထဲမှာလည်း ကလေးတွေ အများကြီးဆုံးသွားတယ်။ ဒါလေးကိုတော့ အဘ ငဲ့ညာပေးသင့်တယ်။ လုပ်ချင်တယ်ဟဲ့ဆိုရင်တောင် မှ ကျမတို့မျက်နှာလေးတွေကိုကြည့်ပါလို့ ကျမက တောင်းဆိုပါတယ်။ ဒီမှာရှိတဲ့ ကျမတို့ကို ထိန်းသိမ်းထားတဲ့ နေရာလေးမှာရှိတဲ့အတွက် ကျမတို့ကို နောက်ထပ်တော့ ထပ်ပြီးတော့ မလုပ်ပါနဲ့လို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ယခုဗုံးကြဲခံလိုက်ရသူများသည် မကြာမီ ပြန်လည်လွှတ်ပေးရန်စီစဉ်ထားသူများဖြစ်သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကော်မရှင်သည် AA ၏ မြို့သိမ်းတိုက်ပွဲများအတွင်း လက်ရဖမ်းမိထားသည့် စစ်သုံ့ပန်းများနှင့် သူတို့ မိသားစုဝင်များကိုထားရှိသည့်နေရာများကို ယခင်ကလည်း လေကြောင်းတိုက်ခိုက်မှုအချို့ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း စစ်ကော်မရှင်လေတပ်သည် AA ၏ စစ်သုံ့ပန်းများနှင့် သူတို့၏မိသားစုဝင်များကို ယာယီထိန်းသိမ်းထားသည့် မြောက်ဦးမြို့နယ်ရှိ ရမ်းချောင်းအနီးတဝိုက်ကိုလည်း ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါဖြစ်စဉ်အတွင်း ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း (၂၈) ဦးသေဆုံးခဲ့ပြီး (၂၅) ဦး ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်ကလည်း ပေါက်တောမြို့တောင်ရှိ ရှင်ရွာကျေးရွာအနီး AA အကျဉ်းစခန်းကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သုံ့ပန်း ခုနစ်ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိခဲ့ပြီး ၁ဝ ဦးဒဏ်ရာရရှိခဲ့သည်။

နောက်တစ်နေ့ စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့ရှိ လေးမိုင် (နခခ-၂) စခန်းကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သုံ့ပန်းများနှင့် အရပ်သား အကျဉ်းသားများအပါအဝင် စုစုပေါင်း လူဦးရေ ၅၀ ကျော်သေဆုံးပြီး ၈ဝ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။

blobအလားတူ ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း AA သိမ်းပိုက်ထားသည့် ပလက်ဝမြို့ရှိ ယာယီစစ်သုံ့ပန်းစခန်းဆေးကုသဆောင်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်သုံ့ပန်းအချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ စစ်သုံ့ပန်းများနှင့် စစ်သုံ့ပန်းမိသားစုဝင်များကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်နေသည့်အပေါ် CDM ဗိုလ်ကြီး ဇင်ယော်က “နှုတ်ပိတ်တဲ့သဘောပါ။ သတင်းတွေက စစ်သုံ့ပန်းတွေဆီကနေ ရနေတယ်လို့ ယူဆနေပုံရပါတယ်” ဟု နိရဉ္စရာကို သုံးသပ်ပြောဆိုသည်။

တစ်ဘက်တွင်လည်း AA က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းနှင့် စစ်သုံ့ပန်းမိသားစုဝင်များအနက် ထောင်နှင့်ချီကို ပြန်လွှတ်ပေးထားပြီဟုလည်း သိရသည်။

နိရဉ္စရာ