ဟုမ္မလင်းမြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးလုပ်ငန်းများ မလည်ပတ်နိုင်

By MPM 27 အောက်တိုဘာ, 2024 👁

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများနှင့် ဌာနခွဲများအတွက် လိုအပ်သည့် ကျန်းမာရေးမှူးများနှင့် ဆေးဝါးများမရရှိခြင်းကြောင့် လည်ပတ်နိုင်ရေး မဖြစ်နိုင်ကြောင်း ကျန်းမာရေးမှူးများနှင့် ဒေသခံများက ပြောဆိုကြသည်။

ကျေးလက်ကျန်းမာရေးလုပ်ငန်း လည်ပတ်နိုင်ရေးအတွက် အဓိကလိုအပ်သည့် ဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနက ကျေးလက်ထိရောက်ရှိအောင် လုပ်ဆောင်ပေးခြင်း မရှိသောကြောင့် ဟုမ္မလင်းဒေသတွင်းရှိ ကျန်းမာရေးဌာနများ ပိတ်ထားရသည်ဟု ၎င်းတို့က ပြောသည်။

“ကျွန်မတို့ ကျန်းမာရေးဌာနတွေ လိုအပ်တဲ့တချို့ဆေးဝါးတွေကို (ကျန်းမာရေးဝန်ကြီးဌာန) က မထောက်ပံ့နိုင်တဲ့အခါကြတော့ တခါတလေ ကျွန်မတို့ကိုယ့်ဟာကိုယ် ဝယ်သုံးရတော့တာ” ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးရေးမှူးတစ်ဦးက ပြောဆိုသည်။

ကျေးလက်ဒေသတွင် ကျန်းမာရေးဆေးပေးခန်းများ ပိတ်ထားရပြီး ဖွင့်နိုင်သည့် ဆေးပေးခန်းများ နည်းပါးသွားခြင်းကြောင့် ကျေးလက်နေထိုင်နေသူများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

“အခုရွာတွေမှာလေ ဟိုးတုန်းကနဲ့စာရင် ကျန်းမာရေးချူချာလာတာတွေများတယ်။ ဟိုးတုန်းက သက်ကြီးရွယ်အို လူနာပိုင်းလောက်ပဲရှိတာ အခုက အစားအသောက်တွေလည်းစုံလာတော့ လူငယ်ပိုင်းတွေလည်း ဖြစ်လာကြတယ်။ အရင်က နောင်ပိုအောင်ဘက်ပိုင်းမှာ ဆေးရုံဆေးခန်းလေးတွေ ဖွင့်တယ်လေ အခုနိုင်ငံရေးပိုင်းနဲ့ဆိုတော့ မဖွင့်ဖြစ်တာတွေများလို့ အခုဆိုဟုမ္မလင်းကိုပဲ ပြေးရတာပေါ့” ဟု ဟဲခမ်းကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာသားတစ်ဦးက ပြောသည်။

ကျေးလက်ကျန်းမာရေးဌာနများအတွက် လိုအပ်သည့်ဆေးဝါးများ မထောက်ပံ့နိုင်ခြင်းကြောင့် ကျေးလက်နေ ဒေသခံများသည် ဟုမ္မလင်းမြို့ပေါ်ရှိ ကုတင် ၁၀၀ ဆေးရုံနှင့် အမှတ် (၁၉) စစ်ဆေးရုံတို့ကို အားထားပြီး သွားရောက်ကုသနေကြရသည်ဟု ဒေသခံများက ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၃၅၀ ကျော်တွင် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲပေါင်း ၇၁ ခုဖြင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများ၊ မိခင်နှင့်ကလေးကာကွယ်ဆေးထိုးနှံမှုများကို လုပ်ဆောင်ခဲ့ကြသော်လည်း လက်ရှိတွင် လုပ်ငန်းနှစ်ခုလုံး ရပ်နားနေရသည့် အခြေအနေ ဖြစ်နေသည်။

ရှမ်းနီအသံ ပေးပို့သည်။