ဟုမ္မလင်းမြို့တွင် ဖုန်းနှင့်အင်တာနက် ဖြတ်တောက်ခံထားရတာကြောင့် တစ်နာရီ ၅၀၀၀ ကျပ်ပေး၍ အသုံးပြုနေရ

By MPM 22 ဩဂုတ်, 2024 👁

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံများသည် ဆက်သွယ်ရေးအတွက် အင်တာနက်အသုံးပြုရန် ဂြိုလ်တုဖုန်းလိုင်းဖြစ်သည့် IP star နှင့် Starlink အင်တာနက်တို့ကို အသုံးပြုပြီး ဆက်သွယ်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ်တစ်ခုလုံးတွင် ဇူလိုင်လဆန်းပိုင်းကတည်းက ဖုန်းလိုင်းတချို့ ပြတ်တောက်သွားသလို အင်တာနက်လိုင်းများ အားလုံးလည်း ပြတ်တောက်ခံရတာကြောင့် ဆက်သွယ်ရေးအတွက် တစ်နာရီ ကျပ် ၅၀၀၀ နှုန်းနှင့် အင်တာနက်အသုံးပြုနေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “IP Star တို့ ဘာတို့ပုံစံမျိုးပေါ့။ Starlink လား IP Star လား မသိဘူး။ တစ်နာရီ ၅၀၀၀၊ ဟိုနေ့က အလုပ်လုပ်စရာရှိလို့ ငါ သုံးနာရီလောက် သွားလုပ်ရတာပေါ့အေး အလုပ်ပေါ့။ တစ်သောင်းခွဲလေ” ဟု ပြောသည်။

ဟုမ္မလင်းမြို့ပေါ်က နောင်ပကျစ်ရပ်ကွက်၊ နောင်ပူအောင်ကျေးရွာနှင့် နမ့်တောကျေးရွာ စသည့်နေရာများတွင် အင်တာနက်ကို တစ်နာရီလျှင် ၅၀၀၀ ကျပ်နှင့် အသုံးပြုနေရသည်ဟု မြို့ခံတို့က ဆိုသည်။

စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်များ ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းသည် ဒေသတွင်း လူမှုဆက်သွယ်ရေး ခက်ခဲနေပြီး သတင်းအချက်အလက်ရရှိမှုလည်း ရပ်တန့်နေတာကြောင့် ဒေသခံပြည်သူများ၏ အရေးပေါ်ကိစ္စများတွင် အခက်အခဲဖြစ်နေရသည်ဟု ၎င်းတို့က ပြောဆိုသည်။

ဖုန်းဆက်သွယ်နိုင်ရေးအတွက် ကမ်းရိုးတမ်းဖုန်းနှင့် စစ်တပ်ပိုင် MEC ဖုန်းလိုင်း ဟုမ္မလင်းမြို့ ကျေးရွာတချို့တွင် ပြန်လည်ရရှိနေပြီး ဆင်းကတ်တန်ဖိုးများလည်း မြင့်တက်နေသည်ဟုလည်း သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပင်လည်ဘူးမြို့သည် စစ်ကိုင်းတိုင်းအတွင်း အစောဆုံး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခံရသည့် မြို့ဖြစ်ပြီး ဟုမ္မလင်း၊ ဖောင်းပြင်၊ အင်းတော်၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့် စသည့် မြို့နယ်တို့တွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း မကြာခဏ ပြတ်တောက်နေသည်ဟု ဒေသခံများက ပြောသည်။

ခုခံတော်လှန်စစ်အားကောင်းသည့် စစ်ကိုင်းတိုင်းသည် မြန်မာနိုင်ငံတဝန်း အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ခံရမှုဖြစ်စဉ် အများဆုံးဖြစ်ပွားနေသည် တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်နေသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၈၀ နီးပါးသည် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားနေသည့် အသံအဖွဲ့က မတ်လ ၁၃ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့သည်။

ရှမ်းနီအသံ ပေးပို့သည်။