ဟိုပင်မြို့၊ နန့်ရင်းချောင်းကူးတံတားပေါ်တွင် ဂိတ်တပ်စခန်းအထိုင်ချဖို့ စစ်ကောင်စီတပ်ပြင်ဆင်နေ

By MPM 26 ဖေ‌ဖော်ဝါရီ, 2024 👁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့အရှေ့ဘက်ခြမ်း နန့်ရင်းကျေးရွာတွင်ရှိသည့် နန့်ရင်းချောင်းကူး တံတားတွင် ဂိတ်အထိုင်စခန်း ပြုလုပ်ရန် စစ်ကောင်စီတပ်ဖွဲ့က တံတားထိပ်၏နှစ်ဖက်စလုံးကို ဘက်ဖိုးစက်နှင့် တူးကလော်ပြီး ပြင်ဆင်နေကြောင်း ဟိုပင် KPDF တာဝန်ရှိသူများ၏ ပြောဆိုမှုအရ သိရသည်။

နန့်ခွင်နှင့် ပွင်ဖြူကျေးရွာကြားတွင်ရှိသည့် ခမရ ၅၂၁ တပ်ရင်းနှင့် ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ် အင်အား ၁၀၀ ဝန်းကျင် ရှိသည့် စစ်ကြောင်းသည် နန့်ရင်းချောင်းကူးတံတားတွင် အထိုင်ချတပ်စွဲရန် ပြင်ဆင် လုပ်ဆောင်လာတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ၂ ဖက်စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေတယ်လို့ ဟိုပင် KPDF က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောလောဆယ်အခြေနေက နှစ်ဖက်တင်းမာနေတယ်၊ မနေ့ကတော့ ထိတွေ့ဖြစ်တယ်။ သူတို့လည်း တိုးလာမလို ဆုတ်မလို လုပ်နေတာ အခုလက်ရှိလည်း လက်နက်ကြီးတွေ ထုနေတယ်။ ပြီးတော့ တံတားကို ဖျက်တာတော့ မဟုတ်ဘူး။ တံတားထိပ်တွေနေရာမှာ သွားလာလို့မရအောင် ကတုတ်ကျင်းတူးထားကြတာ တပ်စွဲချင်တဲ့သဘော ပြင်ဆင်နေတာÓ လို့ အဆိုပါ KPDF က တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့သည့်နောက်ပိုင်း မိုးညှင်းမြို့နယ် နန့်ခွင်ကျေးရွာတလျှောက် ခရီးသွားပြည်သူများကို တင်းကြပ်စစ်ဆေးနေသည့်အပြင် တဆက်တည်းမှာပဲ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ နန့်ရင်းချောင်းကူးတံတားပေါ် တပ်စခန်းအထိုင်ချဖို့ လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ၌ စစ်ကောင်စီတပ်က နန့်ရင်းချောင်းကူးတံတားတွင် ကတုတ်ကျင်းတူးဖော်လိုက်ပြီး တပ်စခန်းချရန် ပြင်ဆင်နေတာကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင်ပြီး နန့်ရင်းချောင်းတလျှောက် ဟိုပင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ၂ ဖက်တပ်အကြား ပစ်ခတ်မှု ရှိခဲ့တယ်လို့ ဟိုပင် KPDF တာဝန်ရှိသူက ဆိုသည်။

“မနေ့က ဖြစ်တာက နန့်ရင်းချောင်းကူးလာလို့ ပစ်ကြတာ၊ နောက်တစ်ခုက ဘာလို့တံတားထိပ်မှာ ဒီလိုလုပ်လာ ကြတာလဲဆိုရင် ကျနော်တို့ဘက်ကလည်း အဲတံတားဘက်က များသောအားဖြင့် အသုံးပြုတယ်။ သူတို့က အဲဒါကိုသိလို့ တားဆီးထားတဲ့သဘောလို့ မြင်တယ်။ ကြိုပြီးနေရာယူထားတဲ့ အခြေနေလို့ ပြောလို့ရတယ်။ နောက်တခုက ကိုယ်မဦးရင် သူဦးသွားမယ်ဆိုတဲ့ အနေထားနဲ့ နယ်မြေတွေမှာ လှုပ်ရှားပြနေတာလို့လည်း မြင်တယ်။ SNA ကလည်း တော်တော်များလာတယ်။ ဘယ်ကဘယ်က ပို့လာသလဲဆိုတာတော့ ကျနော်တို့ ဘက်ကလည်း အချက်လက်တွေတော့ ဆက်ပြီးစုံစမ်းနေတယ်” ဟု ၎င်းက ပြောဆိုသည်။

အခုလို အများပြည်သူသွားလာသည့် နန့်ရင်းတံတားပေါ်တွင် လုံခြုံရေးအကြောင်းပြုပြီး တပ်စခန်းအထိုင်ချဖို့ လုပ်ဆောင်နေသည့်အပေါ် ဒေသခံပြည်သူများက ကန့်ကွက်နေကြသလို တစ်ဖက်တွင်လည်း ဟိုပင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုတွေ ဆက်လက်ဆင်နွှဲသွားမယ်လို့ ပြောဆိုထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်နှင့် SNA တပ်များက အခုရက်ပိုင်းအတွင်း နန့်ရင်းကျေးရွာတလျှောက် စစ်ရေး လှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်သည့်အပြင် နန့်ရင်းကျေးရွာထဲရှိ ဘုန်းကြီးကျောင်းနှင့် ရွာတွင်းရွာပြင်၌ တပ်ဖြန့်ချထားတာကြောင့် ဒေသခံပြည်သူများမှာ သွားလာရေးအတွက် အခက်အခဲဖြစ်နေတယ်ဟု ပြောပါသည်။

ယခုရက်ပိုင်းအတွင်း ဟိုပင်မြို့အနီးတဝိုက်၌ စစ်ကောင်စီတပ်နှင့် SNA တပ်များက စစ်ရေးလှုပ်ရှားမှု ဆက်တိုက် လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ပြီး အပြင်ထွက်သွားလာမှု လျော့နည်း သွားကြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်ကလည်း နန့်ရင်းချောင်းတဖက်ကမ်း၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာကြောင့် နန့်ရင်းဒေသခံများ တိမ်းရှောင်ထွက်ပြေး ခဲ့ကြရသေးသည်ဟု ပြောဆိုကြသည်။

KNG ပေးပို့သည်။