ချင်းပြည်နယ် ဟားခါးမြို့နှင့် ဖလမ်းမြို့ပေါ်တွင် စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူအဖြစ် သတ်မှတ်ပါရှိသူများကို မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်မှုများကို စတင်ဆောင်ရွက်နေပြီဟု မြို့ခံများထံမှ သိရသည်။
ဟားခါးမြို့ပေါ် ဈေးသစ်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်တို့တွင် မတ်လ ၁၈ ရက်နေ့က ရဲ၊ စစ်သား အပါအဝင် ထွေအုပ်ရုံး၀န်ထမ်းများက တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံ၍ စစ်မူထမ်းရန် ဆင့်ခေါ်သည့် စာရွက် ပုံစံ (၂)၊ ပုံစံ (၅) တို့ကိုပါ ဖြည့်ခိုင်းနေသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောပြသည်။
“လိုက်ကောက်တာတော့ မြို့စွန်မြို့ဖျားဘက်တော့ မသွားဘူး။ မြို့အလယ်ဘက် ရပ်ကွက်တွေကိုကောက်တာ၊ သူတို့ကောက်ပြီးလို့ရှိရင် စာရွက် (၂) ရွက် ပေးခဲ့တယ်၊ အဲ့စာရွက်မှာ ကိုယ်ရေးအသေးစိတ် ဖြည့်ရမယ်လို့ ပြောတယ်။ အဲဒါဖြည့်ပြီးရင် သူတို့ရုံးကိုသွားပေးရမှာလို့ ပြောတယ်” ဟု အဆိုပါဟားခါးမြို့ခံက ပြောသည်။
စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်စာ ပုံစံ (၂) နှင့် ပုံစံ (၅) စာရွက်များကို ဖြည့်စွက်ပြီး ၎င်းတို့သတ်မှတ်ထားသော နေ့ရက်တွင် ဟားခါးမြို့နယ် စုပေါင်းရုံးသို့ သွားရောက်သတင်းပို့ရမည်ဟု ဆိုသည်။
ထိုသို့သွားရောက် သတင်းပေးပို့သည့်အချိန်တွင် မှတ်ပုံတင်များ ယူဆောင်သွားရမည်ဖြစ်ပြီး အကယ်၍ သတင်းပို့ရန် ပျက်ကွက်ခဲ့ပါက ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေးယူခံရမည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ ဟားခါးမြို့ပေါ် ရပ်ကွက်တချို့တွင် စစ်ကောင်စီတပ်ဖွဲ့က တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းနှင့် စစ်မှုထမ်းရန် စာရင်းပြုစုမှု စတင်လာသည့်နောက်တွင် ဟားခါးမြို့ပေါ်၌ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာသည်ဟု မြို့ခံများက ပြောဆိုသည်။
အလားတူ ဖလမ်းမြို့ပေါ် Vankau ရပ်ကွက်ဘက်တွင်လည်း မတ်လ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ကုန်းနှင့် နီးကပ်သည့်နေအိမ်များကို တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံနေသည်ဟု သိရသည်။
ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF မှ ဆလိုင်းကျုံးငိုင်က “အိမ်ထောင်စုစာရင်းတွေ လိုက်ကြည့်ပြီးတော့ ကောက်တာ ရဲရယ်ဌာနဆိုင်ရာ လ.ဝ.က တွေ ဟိုဘက်ကတော့ လုံခြုံရေးတွေ ယူပေးမယ်၊ ပြည်သူလူထုတွေကတော့ စိုးရိမ်ထိတ်လန့်နေကြမှာပဲ၊ သူတို့က စစ်မူမထမ်းမနေရ ကောက်မှာပဲ။ မတရားဖမ်းစီးမူတွေ ရှိလာမယ်ဆိုတော့ လူငယ်တွေကို CNDF ထဲကို ဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် အသက်ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အတည်ပြုကြေညာပြီးတဲ့နောက် လာမည့်ဧပြီလကုန်တွင် အပတ်စဉ် ၁ ခေါ်ယူရန် စီစဉ်လျှက်ရှိကာ နိုင်ငံတ၀န်းလုံး၌ စစ်မှုထမ်းဆင့်ခေါ်မှုများ စတင်ဆောင်ရွက်လျှက် ရှိသည်။
KMG ပေးပို့သည်။