ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်ထဲအိပ်နေသည့်အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။
စက်တင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ ပြည်နယ်အစိုးရရုံးအနီးတွင် ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မနက် ၅ နာရီခန့်တွင် ပစ်ခတ်မှုရပ်သွားသည်ဟု ဆိုသည်။
ဟားခါးမြို့ ရုန်းတောင်တွင် အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ထိုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားနေစဉ်တွင် လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
ဟားခါးမြို့ခံအမျိုးသမီးတစ်ဦးက “ဒီမနက်အစောကြီးပဲ ပစ်ကြတာ၊ သေနတ်သံ၊ ဒရုန်းသံတွေနဲ့ ဗုံးသံကတော့ ဆက်တိုက်ပဲ ကြားနေရတယ်။ အရမ်းကျယ်တယ် ကျွန်မတို့အိမ်တောင် တုန်တယ်။ ဒါပေမဲ့ အခုထိသိရသလောက်တော့ နေအိမ်ကျည်ထိတာရှိတယ်။ လုံးလုံး ပျက်ဆီးသွားတာတော့ မရှိဘူး” ဟု ပြောသည်။
ယင်းသို့ပစ်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးဘဏ်ရုံးအနီးရှိ သက်ကြီးပိုင်းအမျိုးသားတစ်ဦးသည် နေအိမ်ထဲအိပ်နေစဉ် ကျည်ဆံထိမှန်ပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။
“သေဆုံးတဲ့သူက အိပ်နေတဲ့ချိန် သေနတ်မှန်တာ၊ ခေါင်းတည့်တည့်မှာ ထိတယ်လို့ပြောတယ်။ ကျွန်တော့်အမျိုးသမီးက အခု အသုဘသွားနေတာ” ဟု အဆိုပါဒေသခံက ပြောသည်။
သေဆုံးသူသည် ချင်းဦးစီးရပ်ကွက် မြန်မာ့စီးပွားရေးဘဏ် အနောက်ဘက်တွင်နေထိုင်သော အသက် ၆၀ ဝန်းကျင်အရွယ်ခန့်ရှိသည့် Pu Ngun Thio ဟု သိရသည်။
ပစ်ခတ်မှု ဖြစ်ပွားရသည့်အကြောင်းရင်းကို သိရှိနိုင်ရန် CDF-Hakha တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်ရှိ၌ ဟားခါးမြို့ပေါ်တွင် လမ်းသွားလမ်းလာနည်းပါးသွားပြီး တိတ်ဆိတ်နေကြကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
KMG ပေးပို့သည်။