သျှမ်းမြောက်လမ်းပိုင်းအား အာဏာသိမ်းစစ်အုပ်စုနှင့် MNDAA အပြန်အလှန်ပိတ်ဆို့၍ လူထုအခက်ကြုံ

By MPM 20 နိုဝင်ဘာ, 2025 👁

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် အာဏာသိမ်းစစ်တပ်က ဖိအားပေးမှုကြောင့် နှစ်ဘက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှုများကြောင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း စုံစမ်းသိရသည်။

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်သည် MNDAA နှင့် နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် သီပေါတံတားကြီးကို နိုဝင်ဘာလ ၁၄ ရက်မှစတင်၍ နိုဝင်ဘာ ၁၉ ရက်အထိ တစ်ပတ်နီးပါးအကြာ ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ပြီး ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေးကြောင်း မန္တလေး-လားရှိုး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းများက ပြောသည်။

ထို့ကြောင့် လားရှိုးမြို့နှင့် မူဆယ်မြို့ဘက်သို့ သွားရောက်လိုသူများသည် ကျောက်မဲမြို့မှတစ်ဆင့် သီပေါမြို့ကို ရှောင်ကွင်း၍ တာလုံ-နားမခေါ် လမ်းပိုင်းပေါ်မှ နမ္မတူမြစ်ကို ဇက်ရေယာဉ်ဖြင့်ဖြတ်ကူးကာ နမ့်လန်၊ မိုင်းရယ်မြို့ဘက်မှ တဆင့်သွားရခြင်းကြောင့် လမ်းခရီးကြန့်ကြာပြီး ငွေကြေးကုန်ကျမှုလည်းများလာကြောင်း ခရီးသွားများထံမှ သိရသည်။

“တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကုန်လုံးက သံသယတွေနဲ့လေ။ သူတို့ ဒီလို လုပ်ချင်ရာလုပ်နေကြတော့ ပြည်သူတွေက ဒုက္ခရောက်ကုန်တာ။ အခုက အသွားအလာ ပြန်ခက်သွားတာ။ ပုံမှန် နေ့တစ်ပိုင်း မောင်းရတဲ့ခရီးကို တကွေ့တပတ်သွားနေရတော့ ခရီးသည်ရော ကားသမားပါ အခက်အခဲဖြစ်တယ်။ အချိန်ကုန်၊ လူပမ်းဖြစ်ရတယ်၊ လမ်းစရိတ်တက်ပြီး ငွေပိုကုန်တယ်” ဟု မန္တလေး-လားရှိုး ခရီးစဉ်ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် သီပေါတံတားကြီးကို စစ်ကောင်စီတပ်နှင့် MNDAA နှစ်ဖက် အပြန်အလှန် ပိတ်ထားခြင်းကြောင့် သီပေါနှင့် လားရှိုးအကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှ ယာဉ်ကြီးယာဉ်ငယ်များ သွားလာ၍မရသေးကြောင်း ခရီးသွားများထံမှလည်း သိရသည်။

“အခု MNDAA ဆိုလည်း ဒီလားရှိုးမှာ ဟိုယဘက်၊ နမ့်ပေါင်ဘက် ပြန်ပြီးတော့ဖြစ်နေတာ။ စစ်တပ်ကလည်း လားရှိုးနဲ့ သီပေါကြား အဲဒါကို လိုချင်တာ။ အဲဒါရမှ လားရှိုးပတ်ဝန်းကျင်နဲ့ ကျောက်မဲ၊ သီပေါ တိုက်ရိုက်ဖြစ်သွားမယ်၊ မန္တလေးကနေ လားရှိုးထိ အဲဒီလိုပေါ့။ တချို့လည်း လကုန်အထိ ပြန်မဖွင့်လောက်ဘူးပြောနေကြလို့ စုံစမ်းပြီးမှ သွားလာဖို့လိုတယ်” ဟု အဆိုပါယာဉ်မောင်းက အကြံပြုသည်။

အလားတူ သီပေါ-မိုင်းရယ် လမ်းပိုင်းနှင့် နမ့်လန်-ကျောက်ဂူ-ရပ်စောက် လမ်းပိုင်းတို့ကိုလည်း အာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ ၁၄ ရက်မှစ၍ ယနေ့အထိ ပိတ်ထားခဲ့ခြင်းကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ပြီး ကုန်ဈေးနှုန်း မြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

လားရှိုး-သီပေါအကြား အခြေချလှုပ်ရှားနေသည့် MNDAA နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေစဉ်အတွင်း MNDAA မှ ဖမ်းဆီးထားသော စစ်သုံ့ပန်း (၂၀၀) ကျော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့သော်လည်း နှစ်ဘက်ကြား စစ်ရေးတင်းမာမှုများ မပြေလည်သေးကြောင်း သိရသည်။

တရုတ်ဖိအားကြောင့် MNDAA မှ လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို ဧပြီလအတွင်း စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့သော်လည်း မြို့နှင့် ၄ မိုင်ပတ်လည် ကျေးရွာများတွင် ဆက်လက်နေရာယူ တပ်စွဲထားဆဲဖြစ်သည်။

သီပေါမြို့ကို TNLA တပ်ဖွဲ့ထံမှ စစ်ကောင်စီတပ် ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ-လားရှိုး လမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ် လမ်းပိုင်းများမှ MNDAA တပ်ဆုတ်ခွာရန် ယခုလဆန်းတွင် တောင်းဆိုခဲ့ရာ ဆွေးနွေးမှု အဆင်မပြေဘဲ နှစ်ဘက်စစ်ရေးတင်းမာကာ အပြန်အလှန် လမ်းပိတ်ထားခဲ့ခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်