သျှမ်းတောင်၊ ရပ်စောက်မှ သျှမ်းမြောက်သို့ သွားရာလမ်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်စောပိုင်းကစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ယာဥ်မောင်းများက ပြောသည်။
သျှမ်းတောင်မှ မြောက်ပိုင်းသွားသည့် ရပ်စောက် – ကျောက်ဂူလမ်းပိုင်း၊ ရပ်စောက်မြို့အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က နိုဝင်ဘာ ၁၂ ရက် နံနက် အစောပိုင်းတွင် ပိတ်ဆို့လိုက်သဖြင့် သျှမ်းမြောက်ပိုင်းသို့သွားမည့် ကားများ ပြန်လှည့်လာရသည်ဟု ယာဥ်မောင်းတဦးက ပြောဆိုသည်။
“ရပ်စောက်အထွက် စစ်တပ် စစ်ဆေးရေးဂိတ်က မြောက်ပိုင်းသွားမယ့်ကားတွေ လုံးဝ ပေးမဖြတ်တော့ဘူး။ မြောက်ပိုင်းကလာတဲ့ ကားတွေကတော့ (တောင်ပိုင်း) လာလို့ရတယ်။ မြောက်ပိုင်းဘက် ပေးမသွားတော့တာ။ ဘယ်လောက်ကြာမလဲ ဆိုတာတော့ ဂိတ်က စစ်သားတွေလည်း မသိဘူးပြောတယ်” ဟု ၎င်းက ပြောပါသည်။
သျှမ်းတောင်ပိုင်း – သျှမ်းမြောက်ပိုင်းကို ဆက်သွယ်ထားသည့် ရပ်စောက် – အင်းတော- ကျောက်ဂူ- နမ့်လန်လမ်း သည် ကားအသွားအလာများသည့်လမ်းဖြစ်၍ ယခုကဲ့သို့ ပိတ်ပင်လိုက်သဖြင့် ခရီးသွားများ ပိုမိုဒုက္ခရောက်မည်ဟု တခြားယာဥ်မောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
“ဘာကြောင့် ပိတ်လဲတော့မသိဘူး။ သျှမ်းမြောက်ကို ပေးမပြန်ချင်တဲ့သဘော ထင်တာပဲ။ အဲလမ်းပိတ်လည်း တခြားလမ်းတွေကတော့ သွားနေကြမှာပဲလေ။ ခရီးသည်တွေ ပိုကုန်မယ် ပိုဒုက္ခခံရမယ်။ တကယ်ဆို ရပ်စောက် အထွက်ဂိတ်ပဲ စစ်တပ်ထိုင်နိုင်တာ၊ စစ်တပ်ဂိတ် အရှေ့နားမှာ သျှမ်းတပ် (SSPP) ထိုင်တယ်” ဟု ၎င်းက မှတ်ချက်ပြုပြောသည်။
စစ်ကောင်စီက ၄င်းတို့ဆုံးရှုံးထားသည့် သျှမ်းမြောက်ရှိ မြို့များကို ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေရာက ယခုကဲ့သို့ လမ်းပိတ်ဆို့ထားခြင်းသည် လားရှိုး ထိုးစစ်အတွက် ဖြစ်နိုင်သည်ဟု ထင်ကြေးပေးမှုများရှိနေရာ သီးခြားအတည်ပြုမှုရရန် ကြိုးစားနေဆဲ ဖြစ်သည်။
စစ်ကောင်စီသည် သျှမ်းမြောက်မြို့များကို နေ့စဥ် ဗုံးကြဲနေရာ နိုဝင်ဘာ ၁၁ ရက်နေ့ညပိုင်းက မိုးကုတ်မြို့ကို ဗုံးကြဲမှုနှင့် နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် နောင်ချိုမြို့ကို ဗုံးကြဲမှုများကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၂၀ သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။