မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အခြေစိုက် ဝဲကလိကျေးရွာရှိ အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ သင်တန်းတက်ရောက်နေကြတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းသားတွေကို လစာထုတ်မပေးဘူးလို့ စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
စစ်မှုထမ်းတက်ရောက်ကြတဲ့သူတွေဟာ သင်တန်းကာလအတွင်း စစ်တပ်ကသတ်မှတ်ထားတဲ့ အခြေခံတပ်သားသစ်လစာ ရရှိကြတာဖြစ်ပေမယ့် ကျောင်းအုပ်ချုပ်သူတွေရဲ့အစီအစဉ်နဲ့ လစာတွေကို ထုတ်မပေးဘူးလို့ ဆိုပါတယ်။
လစာငွေတွေ မထုတ်ပေးတာဟာ ငွေရရင် ထွက်ပြေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မထုတ်ပေးတာဖြစ်ပြီး အဲဒီလစာငွေတွေကိုတော့ သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာတပ်ရင်းတွေရောက်မှ ထုတ်ပေးနေတာလို့ သိရပါတယ်။
လက်ရှိမှာ သင်တန်းသားတွေဟာ လိုအပ်တဲ့ ဆေးဝါး၊ စားစရာ ဝယ်စားလိုသူတွေက မိသားစုတွေထံကနေ ငွေပြန်မှာနေရပြီး မိသားစုတွေက ပြန်ထောက်ပံ့တဲ့ငွေတွေကိုလည်း စစ်မှုထမ်းတပ်သားတွေ အပြည့်အဝ မရကြဘူးလို့ ဆိုပါတယ်။
သင်တန်းကျောင်းမှာ သင်တန်းနည်းပြတွေနဲ့ မိသားစုဝင်တွေကရောင်းတဲ့ တကိုယ်ရေသုံးပစ္စည်း၊ မုန့်၊ အချိုရည်တွေကိုတော့ အကြွေးစနစ်နဲ့ဝယ်လို့ရပြီး ကျောင်းသားနံပါတ်တွေနဲ့မှတ်သားထားကာ သင်တန်းမှူးဆီကနေ ပြန်လည်နုတ်ယူတာတွေ ရှိနေပါတယ်။
သင်တန်းတက်ရောက်နေစဉ် ကျန်းမာရေးမကောင်းလို့ တပ်တွင်းဆေးခန်း ပြသမယ်ဆိုပါကလည်း လေ့ကျင့်ခန်းတွေမလုပ်ချင်လို့ အကြောင်းရှာတယ်ဆိုပြီး အပြစ်ပေးခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဝဲကလိစစ်သင်တန်းကျောင်းမှာ ပြည်သူစစ်မှူထမ်းအပတ်စဉ် ၂၈ အထိ ဖွင့်လှစ်ထားပြီး အပတ်စဉ်တိုင်းမှာ ထွက်ပြေးသူတွေရှိကာ ပြန်မိတာတွေလည်းရှိသလို လွတ်မြောက်သွားတာတွေလည်းရှိတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်