မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာအနီးရှိ Eon Saw Mon ရော်ဘာစက်ရုံဝန်းကျင်နှင့် ရဲတံခွန် ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က မြေမြှုပ်မိုင်းထောင်ထားတာကြောင့် ဒေသခံခြံလုပ်ငန်း လုပ်ကိုင်သူ များနှင့် လမ်းသွားလမ်းလာများ အသက်အန္တရာယ်စိုးရိမ်နေကြကြောင်း ဒေသခံတိုထံမှ သိရသည်။
အဆိုပါကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဖြစ်ပွားနေသည့် အနန်းကွင်းဗျူဟာစခန်း တိုက်ပွဲမပြင်းထန်မီ သြဂုတ်လဆန်းပိုင်းမှာပင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်း လာရောက်ထောင်ထားသည်ဟု ရဲတံခွန်ရွာသားတစ်ဦးက ပြောသည်။
“တိုက်ပွဲမဖြစ်ခင်ကတည်းက မိုင်းထောင်ထားတယ်ဆိုတာ သူတို့ (စစ်ကောင်စီတပ်) ကိုယ်တိုင်ပြောတယ်လေ၊ ရွာအပြင်မှာရော ရွာအနီးဝန်းကျင်မှာရော ထောင်ထားတာရှိတယ်၊ သူတို့ကိုယ်တိုင်တောင် ရမ်းပြီးမပြေးရဲနေဘူး၊ စိုးရိမ်တာက ထင်းကရှာရမှာပဲ ချက်ပြုတ်ဖို့၊ ဟင်းသီးဟင်းရွက်ရောပေါ့ အဲနေရာမှာပဲ သွားနေရတော့ ထပ်နင်းမိမှာ စိုးရတယ်လေ၊ ရှင်းလင်းမရှင်းရသေးဆိုတော့” ဟု အဆိုပါရွာသားက ပြောပါသည်။
အဆိုပါနေရာတဝိုက်သို့ သွားလာသည့် ခြံလုပ်ငန်းလုပ်ကိုင်သူနှင့် လက်လုပ်လက်စားဒေသခံများသည် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိနေသည့်အတွက် ဒေသခံတို့ စိုးရိမ်ကြောက်လန့်လျှက် ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
အလားတူ Eon Saw Mon ရော်ဘာစက်ရုံ အနီးတဝိုက်နှင့် ရဲတံခွန်ကျေးရွာဝန်းကျင်တွင် မြေမြှပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် သြဂုတ် ၂၂ ရက်နေ့မှစ၍ ယနေ့အထိ လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ယင်းအပြင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများသည် စစ်ကောင်စီတပ်ဖွဲ့က သတင်းပိတ်ဆို့ထားခြင်းကြောင့် အရေးပေါ်ကား အချိန်မီ မရောက်လာနိုင်သည့်အပြင် သံဖြူဇရပ်ဆေးရုံတွင်သာ ဆေးကုသမှုခံနေရသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
“မော်လမြိုင်ဆေးရုံအထိ ပေးမသွားဘူး၊ သူတို့ သတင်းပိတ်ထားတယ်။ သံဖြူဇရပ်မှာပဲ ကုနေရတယ်၊ ရှင်ရင်လဲ ရှင်မယ်၊ သေသွားရင်လဲ သေသွားမယ် အဲဒီလိုဖြစ်နေတယ်။ အရင်က မိုင်းထိပြီး ဒဏ်ရာရသူနှစ်ယောက်ရှိတယ်။ သံဖြူဇရပ်က အမျိုးသားတစ်ယောက်က သေလားရှင်လား မသိတာကတစ်ယောက်၊ တစ်ယောက်က မိုင်းထိတဲ့အချိန်မှာ အဲဒီမှာကားဝင်မရလို့ အဲဒီနေရာမှာပဲ သေသွားတယ်” ၎င်းက ပြောသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေစဉ်တွင် သံဖြူဇရပ်-အနန်းကွင်း-ဘုရားသုံးဆူ ကားလမ်းတလျှောက်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းကျရောက်ပေါက်ကွဲမှုအပြင် မြေမြှပ်မိုင်းကြောင့် ဒေသခံထိခိုက်သေဆုံးသူ ၆ ဦးထက်မနည်း ရှိနေသည်ဟု သိရသည်။
လက်ရှိတွင် အနန်းကွင်းဗျူဟာစခန်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည်။
ယခုနှစ်၂၀၂၄ ပထမ ၆ လတာကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေမြှပ်မိုင်းဒဏ်ရာကြောင့် ထိခိုက်သေဆုံးသူပေါင်း ၇၀၀ နီးပါးရှိခဲ့ကြောင်း ကုလသမဂ္ဂနိုင်ငံတကာ ကလေးမျာအရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) မှ ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။
IMNA ပေးပို့သည်။