သံတွဲရှိ စစ်ဘေးရှောင် ၇၀၀၀ ကျော် စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ်လိုအပ်နေ

By MPM 13 စက်တင်ဘာ, 2024 👁

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော်သည် ဆန်ရိက္ခာ လုံလောက်မှုမရှိကြဘဲ စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု ထိုစစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် တပတ်လျှင် ဆန်အိတ်ရေ ၁၇၀ ခန့် ကုန်ကျမှုရှိနေပြီး ငွေကြေး ပမာဏအားဖြင့် သိန်း ၂၀၀ ခန့်တန်ဖိုးအထိ ကုန်ကျစရိတ် ရှိနေကြောင်း ကူညီပေးနေသူများက ပြောဆိုသည်။

စစ်ရှောင်ကူညီပေးနေသူတစ်ဦး “တိုက်ပွဲ စဖြစ်တုန်းက လူဦးရေ ၂၀၀၀ လောက်ကိုပဲ တာဝန်ယူပြီးတော့ ကျွေးတာ။ အခုကတဖြည်းဖြည်း လူဦးရေ ၇၀၀၀ ကျော်လာတယ်၊ စားနပ်ရိက္ခာ လုံလောက်မှုမရှိဘူး။ နံပါတ် ၁ က ဆန်ဖြစ်နေတော့ ကျန်းမာရေးက နောက်မှာထားဖြစ်နေတယ်။ ပြီးရင် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေက သိပ်အားနည်းတယ်။ သံတွဲစစ်ပွဲကလည်း ကာလအရှည်ဆုံးဆိုတော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

စစ်ရှောင်များအတွက် ထောက်ပံ့ကြေးများကို ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၏ အလှူဒါနဖြင့် ထောက်ပံ့ကူညီပေးနေသော်လည်း ထပ်မံ၍ အလှူရှင်များ ဝိုင်းဝန်းကူညီလှူဒါန်းမှု ပိုမိုလိုအပ်နေသည်ဟုလည်း ကူညီပေးနေသူများက ပြောသည်။

သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ သံတွဲမြို့အပါအဝင် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့မှ စစ်ဘေးတိမ်းရှောင်လာကြသူ ဒေသခံများဖြစ်ကြောင်း သိရသည်။ စစ်ရှောင်များကို သံတွဲမြို့နယ်အတွင်း နေရာစုံတွင် ဖြန့်ကြက်ထားရသည်ဟု ဆိုသည်။

သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ မှစတင်၍ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်တပ်တို့ကြား နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သံတွဲမြို့ခံတချို့သည် တိုက်ပွဲနှင့်လွတ်ကင်းရာ ပြည်မနှင့် တခြားလွတ်မြောက်ရာသို့ ထွက်ပြေးတိမ်ရှောင်ကြခဲ့ကြပြီး တချို့မြို့ခံများသည်လည်း သံတွဲမြို့ရှိ ဘေးလွတ်ရာနေရာတွင် ခိုလှုံ၍ နေထိုင်ကြသည်။

သံတွဲမြို့နယ်ရှိ နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများရှိနေ၍ ဒေသခံများသည် နေရပ်မပြန်နိုင်ကြသေးဟု သိရသည်။

အလားတူ ဂွမြို့နှင့် ကျိန္တလီကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ဒေသခံများသည် သံတွဲမြို့သို့ စစ်ဘေးတိမ်းရှောင်နေရသူများရှိနေသလို ရန်ကုန်နှင့် ဧရာဝတီတိုင်းဘက်သို့ စစ်ဘေးရှောင်နေရသူများလည်း ရှိနေကြသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ရခိုင်ပြည်နှင့် ပြည်မကြား ကုန်သွယ်ရေး၊ ဆက်သွယ်ရေး မပြုလုပ်နိုင်ရန် ကားလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့ပြီး ရခိုင်ပြည်သူများ ဒုက္ခရောက် အငတ်ဘေးကျရောက်စေရန် စားရိက္ခာနှင့် ဆေးဝါးများပြတ်လပ်အောင် ပိတ်ဆို့လုပ်ဆောင်လျက်ရှိသည်။

ယင်းကြောင့် ရခိုင်ဒေသခံ စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာများ သယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်နေရသည့်အပြင် ဆေးဝါးများလည်း ပြတ်လပ်နေသည်ဟု သံတွဲမြို့ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသူက ပြောဆိုသည်။

“ကုန်းလမ်း၊ရေလမ်း ပိတ်လိုက်တာနဲ့ စားဝတ်နေရေး အဆင်မပြေဘူး။ ဆေးဝါးတွေ မရှိတော့ဘူး။ ကိုယ်ဝန်ဆောင်မိခင်အတွက် ဆေးတွေလည်း မရှိတော့ဘူး။ ဆီးချို၊ သွေးတိုးဆေးတွေလည်း မရှိတော့ဘူး။ ဒါပေမဲ့လည်း စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ ရအောင်ကြိုးစားပြီး လုပ်ပေးနေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ပြီး ဧရာဝတီတိုင်းဘက်မှ ဂွမြို့နယ်သို့ ဆန် ၁၀ ပြည်နှင့်အထက် အပိုမသယ်ရဟု စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့ပြီးနောက် ဩဂုတ်လ တတိယပတ်ခန့်တွင်လည်း ဆန်သယ်ယူခွင့် လုံးဝမရှိကြောင်း ကန့်သတ်ပိတ်ပင်ခဲ့သည်ဟု စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။

ဧရာဝတီတိုင်းဘက်မှလာသည့် ဆန်ရိက္ခာများကို ဂွနှင့်သံတွဲမြို့ခံတို့က အဓိကထား မှီခိုစားသောက်နေကြရပြီး လက်ရှိတွင် ဆန်သယ်ယူခွင့်မရတော့၍ အလွန်ပင် အခက်အခဲဖြစ်နေကြရသည်ဟု စစ်ရှောင်ကူညီပေးနေသူတို့က ပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။