ရခိုင်ပြည်၊ သံတွဲမြို့နယ်အခြေစိုက် မောင်ရွှေလေးရေတပ်စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ရေကြောင်းကနေ အင်အားဖြည့်တင်း ခုခံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
မောင်ရွှေလေး ရေတပ်စခန်းကို AA က ဇူလိုင်လ ၂၀ ရက်နေ့က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
သံတွဲဒေသခံတစ်ဦးက “ အာရက္ခတပ်တော်က ဇူလိုင်လ ၂၀ ရက်နေ့ကတည်းက မောင်ရွှေလေးရေတပ်ထဲကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိတယ်လို့ သိရတယ်။ ရေတပ်တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီက တပ်အနီးပတ်ဝန်ကျင်တွေကို လေကြောင်းကနေ ဗုံကြဲတိုက်ခိုက်နေတယ်” ဟု ပြောသည်။
မောင်ရွေလေးရေတပ် တိုက်ခိုက်ခံရပြီးနောက် ရေတပ်အနီးရှိ ကျွဲသောက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီ၏ ခမရ (၅၆၆) တပ်ရင်းနှင့် ခလရ (၅၅) တပ်ရင်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး မောင်ရွှေလေးရေတပ်တစ်ခုတည်းသာ ကျန်ရှိတော့ခြင်းဖြစ်သည်။
မောင်ရွှေလေးရေတပ်မကျဆုံးရန် စစ်ကောင်စီက ဂျိတ္တောကျေးရွာနှင့် ဇလွန်ကျေးရွာတွင် ခံတပ်ပြင်ဆင်ထားပြီး ရေကြောင်းကနေ စစ်အင်အား ဖြည့်တင်းမှုများရှိနေသည်ကြောင်း နောက်ထပ် သံတွဲဒေသခံတစ်ဦးက ပြောသည်။
“စစ်ကောင်စီက လက်ကျန်တပ်ရင်းတစ်ခုဖြစ်တဲ့ မောင်ရွှေလေးရေတပ်မကျဖို့ကို ဂျိတ္တောနှင့် ဇလွန်ကျေးရွာတို့မှာ ရေကြောင်းကနေ အင်အားတိုးပြီးတော့ ခံစစ်ပြင်နေတာတွေရှိတယ်။ ဂျိတ္တောကျေးရွာမှာလည်း စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးတွေရှိတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
မောင်ရွှေလေးရေတပ်မကျစေရန် သံတွဲနှင့် သပြုချိုင်ကို ဆက်သွယ်ထားသည့် ကားလမ်းများတွင် တံတား ၃ စင်း ထက်မနည်းကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးပြီးနောက် ကားလမ်းဘေးတွင် မိုင်းထောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များ ပြောဆိုမှုအရ သိရသည်။
သံတွဲတိုက်ပွဲအတွင်း နယ်ခံတပ်ရင်းများအပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း အခြေစိုက် တပ်ရင်း (၂၀) ခန့်မှ စစ်ကောင်စီတပ်သားများလည်း ပူးပေါင်းတိုက်ခိုက်နေသည်ဟု AA က ထုတ်ပြန်ထားသည်။
သံတွဲမြို့နယ်အတွင်း နေရပ်စွန်ခွာသည့် ဒေသခံပေါင်း ၆ သောင်း နီးပါးရှိလာပြီး ဆေးဝါးနှင့် စားသောက်ကုန်များ ပြတ်လပ်နေ၍ အရေးပေါ်အကူအညီများလည်း လိုအပ်နေကြောင်း သိရှိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။