သံတွဲမြို့ နှစ်ရက်ဆက်တိုက် ဗုံးကြဲခံရပြီးနောက် ဒေသခံများ ဗုံးခိုကျင်းထဲ၌ အိပ်စက်နေကြရ

By MPM 2 ဇန်နဝါရီ, 2026 👁

ရခိုင်ပြည်၊ သံတွဲမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့်အတူ အရပ်သားအများအပြား သေဆုံးမှုဖြစ်စဉ်ပြီးနောက် မြို့ခံများမှာ ဗုံးခိုကျင်းများထဲ၌ အိပ်စက်နေကြရကြောင်း သိရသည်။

စစ်ကောင်စီက အရပ်သားနေရာမကျန် အားလုံးကို ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် သံတွဲဒေသခံများမှာ လေကြောင်းအန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်မှုမြင့်တက်နေကြခြင်းဖြစ်သည်။

“ ပြည်သူတွေကတော့ အရမ်းစိုးရိမ်နေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အရပ်ဖက်လူနေရပ်ကွက် အိုးအိမ်တွေကို တိုက်ခိုက်နေတာကြောင့်ပါ။ စိုးရိမ်စိတ်တွေကြောင့် ဗုံးခိုကျင်းတွေအနားမှာ အိပ်ရတယ်။ တချို့ဆိုရင် ဗုံးခိုကျင်းထဲမှာ အိပ်ကြရတယ်။ နောက်ပြီး နီးစပ်တဲ့ ဆွေမျိုးအိမ်တွေမှာလည်း အိပ်နေကြရတယ်” ဟု လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဒီဇင်ဘာ ၂၉ ရက်နေ့နှင့် ၃၁ ရက်နေ့ နှစ်ရက်ဆက်တိုက် သံတွဲမြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း မြို့ခံ ၉ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၆ ဆောင် ပျက်စီးသွားခဲ့သည်။

ဒဏ်ရာရရှိမှုကြောင့် ဆေးကုသမှုခံယူနေများထဲမှ အချို့မှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိ ထိုဒဏ်ရာရရှိသွားသူများကို ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများက ပူးပေါင်းကာ ဆေးကုသမှုအတွက် ကူညီထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ကလည်း သံတွဲမြို့၊ ရပ်ရှည်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။

“ အေအေဆီ လက်လွှတ်ထားရတဲ့ ရခိုင်က မြို့တွေကို မြေပြင်ထိုးစစ်က မထိုးဖောက်နိုင်တဲ့ စစ်ကောင်စီကတော့ လေကြောင်းနဲ့ တိုက်ခိုက်မှုကို အရှိန်မြှင့်နေတာ။ ပြည်သူတွေ အကြောက်တရား လွှမ်းမိုးသွားအောင်၊ အထင်အမှားဖြစ်အောင် အမျိုးမျိုး လုပ်ဆောင်နေတယ်။ ပြည်သူတွေကတော့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ဆောင်ချက်တွေကြောင့် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်တစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်ကာ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတို့ကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ရသူဦးရေမှာ မြင့်တက်လျက်ရှိနေသည်။

DMG က ကောက်ယူထားသည့် စာရင်းအရ ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ကလေးငယ်အပါအဝင် သေဆုံးသူ ၂၉၄ ဦးနှင့် ဒဏ်ရာရရှိသူ ၅၅၆ ဦးထိ ရှိခဲ့သည်။

DMG