ရခိုင်ပြည်၊ သံတွဲမြို့နယ် ဂျိတ္တောဘက်တွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီရေတပ်သားများ အကျအဆုံးများပြားနေပြီး တချို့လည်း ထွက်ပြေးနေကြသည်ဟု ရေတပ်နှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။
ရေတပ်နှင့်နီးစပ်သူ ဒေသခံတစ်ဦးက “ကွင်းဝိုင်းရေတပ်ကလူတွေက စစ်တိုက်ဖို့ မတတ်ဘူး။ အဲဒီတော့ AA နဲ့ တိုက်တဲ့အခါ အကျအဆုံးများတယ်။ ဂျိတ္တောဘက်မှာ အကျအဆုံးများနေတယ်။ ကွင်းဝိုင်းတပ်ကမိုင်းခွဲဖို့ တတ်တယ်။ ရေငုတ်ဖို့ တတ်တယ်။ စစ် မတိုက်တတ်ဘူး” ဟု ပြောသည်။
ထိုသို့အကျအဆုံးများနေသဖြင့် ရေတပ်သားများအား ပြန်ခေါ်ရန် ၎င်းတို့၏ ကွင်းဝိုင်းရေတပ်စခန်းတပ်မှူးသို့ အကြောင်းကြားသော်လည်း ပြန်မခေါ်သဖြင့် အများစုမှာ စိတ်ဓာတ်ကျနေကြောင်း ကြားသိရသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သားများသည် ငပလီကမ်းခြေမြို့၏ တောင်ဘက်အစွန်ဆုံး ဂျိတ္တောရွာရှိ ပုလဲကျောင်းနှင့် ဂျိတ္တောကျောင်းကြီးတွင်လည်းကောင်း၊ မြပြင်ရပ်ကွက် မြတောင်တွင်လည်းကောင်း အသီးသီးတပ်စွဲထားပြီး AA အား ခုခံကာကွယ်တိုက်ခိုက်နေကြောင်း သိရသည်။
ဆက်လက်ပြီး အဆိုပါဒေသခံက “တပ်တွေက တချို့က ခုခံတယ်။ တချို့က ကွင်းဝိုင်းရေတပ်သို့ ဆုတ်ခွာ တယ်လို့လည်း သိရတယ်။ အခု AA နဲ့ တိုက်နေတဲ့အထဲမှာ ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ ရဲ့ လက်အောက်ခံ တပ်တွေရှိတယ်။ ပဒါန်းဘက်က တပ်သားတွေ တချို့က အခုမှစစ်မှုထမ်းတဲ့ ကလေးတွေ၊ သူတို့က စစ်ရေး နားမလည်တော့ အကျအဆုံးများတယ်” ဟု ပြောသည်။
တိုက်ပွဲအတွင်း ဒဏ်ရာရသူများ၊ သေဆုံး အလောင်းများအားလည်း ကွင်းဝိုင်းရေတပ်ကို ပြန်ယူလာသည်ဟု ဆိုသည်။
“ဂျိတ္တောကနေ ကွင်းဝိုင်းရေတပ်ကို တပ်ဆုတ်တယ်။ နာလာတဲ့သူကို ကွင်းဝိုင်းရေတပ်ကို ယူလာတယ်။ ကွင်းဝိုင်းမှာ သဂြိုလ်တယ်။ ဟောင်ဝေဇာ အမြောက်တစ်လက်ကို သပြူချိုင်ဆိပ်ကမ်းမှာချထားတယ်။ အခြေအနေမဟန်ရင် တပ်ဆုတ်ဖို့အသင့်ပြင်ထားတယ်။ ကွင်းဝိုင်းရေတပ်ကနေ ရန်ကုန်ကို စစ်ရေယာဉ်တွေနဲ့ တိုက်ရိုက်သွားလို့ရတယ်” ဟု ၎င်းက ဆိုသည်။
အာရက္ခတပ်တော် (AA) ထံတွင် မဇင်လေဆိပ်၊ ခမရ ၅၆၆၊ ခလရ ၅၅နှင့် အဏ္ဏဝါရိပ်သာတို့ကို ဆုံးရှုံးလိုက် ရသည့် စစ်ကောင်စီတပ်များမှ တပ်သားများသည် AA ထံတွင် လက်နက်နှင့် အလင်းဝင်ခြင်း၊ လက်နက်စွန့်ခွာ ထွက်ပြေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။