ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ် အထူးဒေသရှိ ရှမ်းလယ်ပြင် စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းမှစတင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ခြွေစစ်တိုက်ခိုက်မှုပုံစံဖြင့် သိမ်းပိုက်ရရှိရန် ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။
သံတောင်အထူးဒေသတွင်ပါဝင်သော ရှမ်းလယ်ပြင်ကျေးရွာအခြေစိုက် အဆိုပါစစ်ကောင်စီတပ်စခန်းသည် မဟာဗျူဟာလည်းမြောက်သလို စစ်ကောင်စီ၏ ရုံးဌာနများအခြေစိုက်ရာ နေပြည်တော်နှင့်လည်း လွန်စွာနီးကပ်သဖြင့် အချက်အချာကျသည့် စခန်းတစ်ခုဖြစ်တာကြောင့် ကြိုးပမ်းပိတ်ဆို့ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။
စခန်းအတွင်း ရိက္ခာ၊ လူအင်အားစသည့် ထောက်ပို့ဝင်ရောက်နိုင်သော အတွင်းအပြင်လမ်းကြောင်းများကို ဖြတ်တောက်ကာ ခြွေစစ်ပုံစံ တိုက်ပွဲဖော်ဆောင်မှုဖြင့် ရှမ်းလယ်ပြင်စခန်းကို တော်လှန်ရေးတပ်က သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့ကို စားနပ်ရိက္ခာတွေပါ ဖြတ်တောက်ထားတဲ့အပြင် အပြင်လည်း ထွက်မရတော့ ခက်ခဲနေကြပြီ။ မြေပြင်စစ်ကြောင်းကတော့ တခေါက်ထိုးလာပြီးကတည်းက ပြန်ထိုးလာတာ မရှိသေးဘူး။ ကျနော်တို့ဘက်ကလည်း ခြွေစစ်နဲ့ပဲ အရင်သွားနေတာပါ။ ခြွေစစ်နဲ့စိတ်ဓာတ်စစ်ဆင်ရေးပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က တပ်ဖွဲ့ဝင်အင်အား ၃၀ ဝန်းကျင်ဖြင့် ရွှေနန်းကလေးရွာဘက်မှ ရှမ်းလယ်ပြင်စခန်းသို့ မြေပြင်စစ်ကြောင်းထိုး စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခြေလျှင်တပ်ရင်း ခလရ-၂၉ ၏ ဒု-တပ်ရင်းမှူး အပါအဝင် ဒု-တပ်ကြပ်အရာရှိ တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးခဲ့ပြီး သေဆုံးသူ၏ရုပ်အလောင်းများကိုပင် ကောက်မယူနိုင်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က စစ်ကောင်စီတပ်ပိုင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အတူ စစ်ကောင်စီဘက်ကလည်း စခန်းစတင်ပိတ်ဆို့ခံရသည့်နေ့ကတည်းက စစ်ကောင်စီက ၎င်းတို့အားသာသည့် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများအား ထိုနေရာပတ်လည်တွင် ပြုလုပ်လျက်ရှိသည်ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
“လေကြောင်းနဲ့က နှစ်ခါလာပစ်တယ်။ အခု ရှမ်းလယ်ပြင်ရွာကလူတွေက နီးစပ်ရာရွာတွေမှာ လိုက်ရှောင်နေရတယ်။ တချို့ကလည်း ဟိုးမြို့ထဲရောက်သွားတာတွေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
လိပ်သိုမြို့နယ်ခွဲအတွင်း ပါဝင်သည့် ရှမ်လယ်ပြင်ကျေးရွာအုပ်စုသည် ယခင် ၂၀၂၃ ခုနှစ် စက်တင်ဘာလပိုင်းကလည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ရွာရှိ ဒေသခံပိုင်နေအိမ်များအတွင်း ဝင်ရောက်တပ်စွဲ နေထိုင်ခဲ့ဖူးသည်။
ပစ်ခတ်မှုတိုက်ပွဲများကြောင့် ကျေးရွာအုပ်စုအောက်ရှိ ရွာနေဒေသခံများ နေရပ်ရှောင်တိမ်းစွန့်ခွာရသလို စစ်ကောင်စီတပ်က ဝင်ရောက်နေထိုင်သဖြင့် ရက်အတန်ကြာသည်အထိ နေအိမ်မပြန်ရဲဖြစ်ခဲ့ရသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်တို့၏ ပြောပြချက်အရ သိရသည်။
KIC ပေးပို့သည်။